10. ``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၏အသိသက်သေများတည်း။သင်တို့ငါ့အားသိကျွမ်းယုံကြည် ကြစေရန်လည်းကောင်း၊ငါသည်တစ်ဆူတည်းသောဘုရားဖြစ်ကြောင်း သိရှိနားလည်ကြစေရန်လည်းကောင်း၊ငါသည်သင်တို့အားငါ၏အစေခံလူမျိုး အဖြစ် ရွေးချယ်ခဲ့ပေသည်။ငါမှတစ်ပါးအခြားဘုရားမရှိ။အဘယ်အခါကမျှမရှိခဲ့။ နောင်ကိုလည်း ရှိလိမ့်မည်မဟုတ်။
11. ``ငါတစ်ပါးတည်းသာလျှင်ထာဝရဘုရား ဖြစ်တော်မူ၏။ငါတစ်ပါးတည်းသာလျှင်သင်တို့အား ကယ်တင်တော်မူနိုင်၏။
12. ငါသည်ဖြစ်ပျက်မည့်အမှုအရာကိုကြိုတင် ဖော်ပြ၍၊သင်တို့အားကူမရန်ကြွလာခဲ့ပေ သည်။အဘယ်မည်သောလူမျိုးခြားတို့၏ဘုရားမျှ ဤသို့ပြုခဲ့ဖူးသည်မရှိ။သင်တို့သည်ငါ၏အသိသက်သေများ ဖြစ်ကြ၏။
13. ငါသည်ဘုရားသခင်ဖြစ်၏။နောင်ကိုလည်းအစဉ်အမြဲဤသို့ဖြစ်၍နေ မည်သာ၊ငါ၏တန်ခိုးတော်ကိုအဘယ်သူမျှလုယူ နိုင်လိမ့်မည်မဟုတ်၊ငါပြုသောအမှုကိုအဘယ်သူမျှမပြင် နိုင်ရာ'' ဟုမိန့်တော်မူ၏။
14. ဣသရေလအမျိုးသားတို့အားသန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊သင်တို့ကိုကယ်တော်မူသောထာဝရဘုရားက``ငါသည်သင်တို့အားကယ်ရန်စစ်သည်ဗိုလ်ခြေ တို့ကို ဗာဗုလုန်ပြည်သို့စေလွှတ်မည်။မြို့တံခါးများကိုငါဖျက်ချမည်။မြို့သူမြို့သားတို့၏ကြွေးကြော်သံသည်ငိုကြွေးသံအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။
15. ငါသည်သင်တို့၏သန့်ရှင်းမြင့်မြတ်သည့် ဘုရားသခင်ထာဝရဘုရားဖြစ်၏။အို ဣသရေလအမျိုးသားတို့သင်တို့အား ငါဖန်ဆင်းခဲ့၏။ငါသည်သင်တို့၏ဘုရင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
16. ရှေးအခါက၊ထာဝရဘုရားသည်ပင်လယ် ဝဲသြဃကို ဖြတ်၍လမ်းဖောက်တော်မူခဲ့၏။
17. ကိုယ်တော်သည်ရထားတပ်၊ မြင်းတပ်များနှင့်အင်အားကြီးမားသောစစ်သည်ဗိုလ်ချေတို့ကို ဆုံးပါးပျက်စီးစေတော်မူ၏။သူတို့သည်ငြိမ်းသတ်လိုက်သည့်ဖယောင်းတိုင်မီးသဖွယ်နလံမထူနိုင်အောင် ပြိုလဲ၍သွားကြကုန်၏။
18. သို့ရာတွင်ထာဝရဘုရားက``အတိတ်ကအဖြစ်အပျက်များကိုစွဲလန်း၍ မနေကြနှင့်။ရှေးအခါကဖြစ်ပျက်ခဲ့သည့်အမှုအရာများ အကြောင်းကိုပြောဆို၍မနေကြနှင့်။
19. ငါပြုမည့်အမှုအရာသစ်ကိုစောင့်မျှော် ကြည့်ရှုကြလော့။ထိုအမှုအရာသည်ဖြစ်ပျက်ဆဲပင်ရှိသဖြင့် ယင်းကို ယခုသင်တို့တွေ့မြင်နိုင်ကြပါသည်တကား။ငါသည်တောကန္တာရကိုဖြတ်၍လမ်းပေါက်စေ ပြီးလျှင်၊သင်တို့အားစမ်းရေကိုပေးတော်မူမည်။
20. တောတိရစ္ဆာန်များပင်လျှင်ငါ၏ဂုဏ်ကျေးဇူးကို ချီးကူးကြလိမ့်မည်။ငါသည်မိမိရွေးချယ်ထားသူလူတို့ရေရရှိရေးအတွက်၊သဲကန္တာရတွင်မြစ်ရေ များကို စီးဆင်းစေသောအခါ၊ခွေးအများနှင့်ငှက်ကုလားအုတ်များသည် ငါ့ကို ထောမနာပြုကြလိမ့်မည်။