2. အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ရောက်ရှိလေရာအရပ်တို့တွင်သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်းလူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။သူ၏လေးမြားတို့သည်လည်းထိုသူတို့ကိုလေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။
3. သူသည်ရန်သူတို့အားလိုက်လံတိုက်ခိုက်ကာဘေးမဲ့လုံခြုံစွာဆက်လက်ချီတက်ရာတွင် လျင်မြန်လှသဖြင့်သူ၏ခြေသည်မြေ၌ပင်မထိတော့ ပါတကား။
4. ဤသို့ဖြစ်ပျက်စေသူကားအဘယ်သူနည်း။အဘယ်သူသည်သမိုင်း၏ဖြစ်ရပ်များကို စီရင်ဖန်တီးတော်မူပါသနည်း။ငါထာဝရဘုရားသည်ကပ်ကာလအစ ကပင်လျှင် ရှိနေတော်မူခဲ့၍၊ထာဝရအရှင်ငါဘုရားသခင်သည်ကပ် ကာလ အဆုံး၌လည်းရှိနေတော်မူလတ္တံ့။
5. ``ရပ်ဝေးနိုင်ငံများမှလူတို့သည်ငါပြု သည့်အမှုကို တွေ့မြင်ရကြလေပြီ။သူတို့သည်ထိတ်လန့်လျက်ကြောက်ဒူးတုန်၍ နေကြသဖြင့် လာရောက်စုဝေးကြကုန်၏။
6. လက်မှုပညာသည်တို့သည်အချင်းချင်းကူညီ ရိုင်းပင်းလျက်အားပေးစကားပြောကြားကြ၏။
7. လက်သမားကပန်းထိမ်သည်အား`သင်၏လက်ရာသည်ကောင်းလေစွ' ဟုဆို၏။ရုပ်တုကိုအချောထုရိုက်သူကယင်း၏အစိတ်အပိုင်းများကိုဆက်စပ်သူအား၊ အားပေးစကားပြောကြားလေ၏။`ဂဟေဆက်ပုံမှာကောင်းပေသည်' ဟု ပြောဆိုသူကပြောဆိုလျက်၊သူတို့သည်ရုပ်တုကိုနေရာတကျသံနှင့်ရိုက်၍ စိုက်ထူထားကြတော့၏။
8. ``သို့ရာတွင်ငါ၏အစေခံဣသရေလအမျိုး သားတို့၊ငါရွေးချယ်ထားသည့်သင်တို့သည်ငါ၏မိတ်ဆွေ အာဗြဟံ၏သားမြေးများဖြစ်ကြ၏။
9. ငါသည်သင်တို့အားကမ္ဘာမြေကြီးအစွန်းမှ ခေါ်ယူခဲ့၏။မြေစွန်းရပ်ဖျားများမှခေါ်ယူကာ၊သင်တို့သည် ကား၊ ငါ၏အစေခံများတည်းဟုဆိုခဲ့၏။ငါသည်သင်တို့အားပစ်ပယ်မည့်အစား ရွေးချယ်တော်မူခဲ့၏။
10. မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
11. အို ငါ၏လူမျိုးတော်၊သင်တို့ကိုအမျက်ထွက်သော သူတို့သည်အသရေပျက်၍အရှက်ကွဲကြ လိမ့်မည်။သင်တို့အားတိုက်ခိုက်သူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။
12. သူတို့သည်ကမ္ဘာမြေကြီးပေါ်မှ ကွယ်ပျောက်သွားကြလိမ့်မည်။
13. ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍သင်တို့ကိုခွန်အားနှင့်ပြည့်ဝစေပါ၏။`မကြောက်ကြနှင့်၊ငါကူမတော်မူမည်' ဟု သင်တို့အားပြောဆို၏'' ဟုမိန့်တော်မူ၏။
14. ထာဝရဘုရားက``ဣသရေလအမျိုးသားတို့၊သင်တို့၏အမျိုးသည် သေးငယ်၍ချည့်နဲ့သော်လည်း၊မကြောက်ကြနှင့်၊သင်တို့ကိုငါကူမတော်မူ မည်။သင်တို့ကိုကယ်တင်တော်မူသောအရှင်ကား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် ငါပင်ဖြစ်ပေသည်။
15. ငါသည်သင်တို့အားထက်မြက်သည့်အသွားများရှိသောစပါးနယ်စက်အသစ် ကဲ့သို့ ဖြစ်စေတော်မူမည်။သင်တို့သည်တောင်ကြီးများကိုနယ်၍ ညက်ညက်ကြေစေလိမ့်မည်။တောင်ငယ်များသည်လည်းမြေမှုန့်ဖြစ်၍ သွားကြလိမ့်မည်။
16. ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက်လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
17. ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်းငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ဣသရေလအမျိုးသားတို့၏ဘုရားသခင်တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။
18. ငါသည်တောင်ကတုံးများ၌မြစ်များဖြစ်ပေါ်စေ၍၊ ချိုင့်ဝှမ်းများနှင့်စမ်းရေများပေါက်စေမည်။ငါသည်သဲကန္တာရကိုရေကန်များ အဖြစ်သို့လည်းကောင်း၊ခြောက်သွေ့သောမြေယာများကိုစမ်းရေတွင်း များ အဖြစ်သို့လည်းကောင်းပြောင်းလဲစေမည်။