19. ငါသည်သဲကန္တာရ၌အာရစ်ပင်(သစ်ကတိုး) နှင့် ထနောင်းပင်၊မုရတုပင်နှင့်သံလွင်ပင်များကိုလည်းကောင်းပေါက်စေမည်။သစ်ပင်မပေါက်သောအရပ်တွင်ထင်းရှူးပင် အမျိုးမျိုးနှင့် အာရဇ်ပင်များရောနှောသည့်သစ်တောများ ပေါက်ရောက်လာလိမ့်မည်။
20. ဤအချင်းအရာကိုတွေ့မြင်ကြသောအခါလူတို့သည်ဤအမှုကားငါထာဝရဘုရားစီရင်တော်မူသောအမှုပင်ဖြစ်ကြောင်း သိရှိလာကြလိမ့်မည်။ဤအမှုကိုဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်ဖြစ်ပွားစေတော်မူကြောင်း နားလည်လာကြလိမ့်မည်။
21-22. ဣသရေလအမျိုးတို့၏ဘုရင်ထာဝရ ဘုရားက``အချင်းလူမျိုးတကာဘုရားများတို့၊ သင်တို့၏အမှုကိုတင်ပြကြလော့။သင်တို့၏အခိုင်မာဆုံးသောလျှောက်လဲချက် များကို ယူဆောင်လာကြလော့။ဤအရပ်သို့လာ၍အနာဂတ်တွင်အဘယ်သို့ ဖြစ်ပျက်မည်ကိုပြောကြားကြလော့။အတိတ်ကအဖြစ်အပျက်များကိုဖြေရှင်းဖော်ပြကာ၊နောင်အခါ၌ယင်းတို့အဘယ်သို့အဆုံးသတ်မည်ကို ငါတို့အားပြောပြကြလော့။သို့မှသာလျှင်ထိုအရာများဖြစ်ပျက်လာချိန်၌ ငါတို့သိရှိကြလိမ့်မည်။
23. အနာဂတ်၌အဘယ်အရာဖြစ်မည်ကို ငါတို့အား ဖော်ပြကြလော့။သို့မှသာလျှင်သင်တို့သည်ဘုရားများဖြစ် ကြောင်း ငါတို့သိရှိကြလိမ့်မည်။ကောင်းသောအမှုကိုပြုကြလော့။သို့တည်းမဟုတ်ဘေးအန္တရာယ်တစ်ခုခုကို သက်ရောက်စေကြလော့။ငါတို့အားစိုးရွံ့ကြောက်လန့်တုန်လှုပ်အောင် ပြုကြလော့။
24. သင်တို့နှင့်သင်တို့ပြုသမျှသောအမှုတို့သည် အဘယ်သို့မျှမရေရာ။သင်တို့အားဝတ်ပြုကိုးကွယ်သူတို့သည်လည်း စက်ဆုတ်ရွံရှာဖွယ်ကောင်းပါသည်တကား။
25. ``ငါသည်အရှေ့ပြည်သားတစ်ဦးကို ရွေးချယ်ထားလေပြီ။သူ့အားခေါ်ဆောင်ကာအရှေ့အရပ်မှနေ၍ တိုက်ခိုက်စေမည်။အိုးထိန်းသည်ရွှံ့စေးကိုခြေဖြင့်နင်းချေ သကဲ့သို့သူသည်ပြည်ရှင်မင်းတို့အား နင်းချေပစ်လိမ့်မည်။
26. သင်တို့စကားသည်မှန်ပေ၏ဟုငါတို့ဆိုနိုင် စေရန် ဤမည်သောအမှုအရာဖြစ်ပျက်လိမ့်မည်ဟုသင်တို့အနက်မှအဘယ်သူသည်ငါတို့အား ကြိုတင်ဖော်ပြပါသနည်း။အဘယ်သူသည်အနာဂတ်ဟောစတမ်း ထုတ်ခဲ့ဖူးပါသနည်း။သင်တို့တွင်အဘယ်သူမျှဤသို့မဟောပြော ခဲ့ကြ။ဟောပြောသည်ကိုကြားသူလည်းတစ်ယောက်မျှ မရှိပါတကား။