ဟေ​ရှာ​ယ 41:17-25 Common Language Bible (BCL)

17. ငါ​၏​လူ​မျိုး​တော်​သည်​ရေ​ကို​လို​၍ ရှာ​သော​အ​ခါ​၌​လည်း​ကောင်း၊သူ​တို့​သည်​ရေ​ငတ်​သ​ဖြင့်​လည်​ချောင်း ခြောက်​သည့်​အ​ခါ​၌​လည်း​ကောင်းငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်တည်း​ဟူ​သော​ငါ​သည်​သူ​တို့​အား​အ​ဘယ် အ​ခါ​၌​မျှ စွန့်​ပစ်​လိမ့်​မည်​မဟုတ်။

18. ငါ​သည်​တောင်​က​တုံး​များ​၌​မြစ်​များ​ဖြစ်​ပေါ်​စေ​၍၊ ချိုင့်​ဝှမ်း​များ​နှင့်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ငါ​သည်​သဲ​ကန္တာ​ရ​ကို​ရေ​ကန်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ခြောက်​သွေ့​သော​မြေ​ယာ​များ​ကို​စမ်း​ရေ​တွင်း များ အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​မည်။

19. ငါ​သည်​သဲ​ကန္တာ​ရ​၌​အာ​ရစ်​ပင်(သစ်​က​တိုး) နှင့် ထ​နောင်း​ပင်၊မု​ရ​တု​ပင်​နှင့်သံ​လွင်​ပင်​များ​ကို​လည်း​ကောင်း​ပေါက်​စေ​မည်။သစ်​ပင်​မ​ပေါက်​သော​အ​ရပ်​တွင်​ထင်း​ရှူး​ပင် အ​မျိုး​မျိုး​နှင့် အာ​ရဇ်​ပင်​များရော​နှော​သည့်​သစ်​တော​များ ပေါက်​ရောက်​လာ​လိမ့်​မည်။

20. ဤ​အ​ချင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​အ​ခါလူ​တို့​သည်​ဤ​အ​မှု​ကား​ငါ​ထာ​ဝ​ရ​ဘု​ရားစီ​ရင်​တော်​မူ​သော​အ​မှု​ပင်​ဖြစ်​ကြောင်း သိ​ရှိ​လာ​ကြ​လိမ့်​မည်။ဤ​အ​မှု​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်ဘု​ရား​သ​ခင်​ဖြစ်​ပွား​စေ​တော်​မူ​ကြောင်း နား​လည်​လာ​ကြ​လိမ့်​မည်။

21-22. ဣ​သ​ရေ​လ​အ​မျိုး​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​က``အ​ချင်း​လူ​မျိုး​တ​ကာ​ဘု​ရား​များ​တို့၊ သင်​တို့​၏​အ​မှု​ကို​တင်​ပြ​ကြ​လော့။သင်​တို့​၏​အ​ခိုင်​မာ​ဆုံး​သော​လျှောက်​လဲ​ချက် များ​ကို ယူ​ဆောင်​လာ​ကြ​လော့။ဤ​အ​ရပ်​သို့​လာ​၍​အ​နာ​ဂတ်​တွင်​အ​ဘယ်​သို့ ဖြစ်​ပျက်​မည်​ကို​ပြော​ကြား​ကြ​လော့။အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​ဖြေ​ရှင်း​ဖော်​ပြ​ကာ၊နောင်​အ​ခါ​၌​ယင်း​တို့​အ​ဘယ်​သို့​အ​ဆုံး​သတ်​မည်​ကို ငါ​တို့​အား​ပြော​ပြ​ကြ​လော့။သို့​မှ​သာ​လျှင်​ထို​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ ငါ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။

23. အ​နာ​ဂတ်​၌​အ​ဘယ်​အ​ရာ​ဖြစ်​မည်​ကို ငါ​တို့​အား ဖော်​ပြ​ကြ​လော့။သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဘု​ရား​များ​ဖြစ် ကြောင်း ငါ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လော့။သို့​တည်း​မ​ဟုတ်​ဘေး​အန္တ​ရာယ်​တစ်​ခု​ခု​ကို သက်​ရောက်​စေ​ကြ​လော့။ငါ​တို့​အား​စိုး​ရွံ့​ကြောက်​လန့်​တုန်​လှုပ်​အောင် ပြု​ကြ​လော့။

24. သင်​တို့​နှင့်​သင်​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​သည် အ​ဘယ်​သို့​မျှ​မ​ရေ​ရာ။သင်​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည်​လည်း စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​ပါ​သည်​တ​ကား။

25. ``ငါ​သည်​အ​ရှေ့​ပြည်​သား​တစ်​ဦး​ကို ရွေး​ချယ်​ထား​လေ​ပြီ။သူ့​အား​ခေါ်​ဆောင်​ကာ​အ​ရှေ့​အ​ရပ်​မှ​နေ​၍ တိုက်​ခိုက်​စေ​မည်။အိုး​ထိန်း​သည်​ရွှံ့​စေး​ကို​ခြေ​ဖြင့်​နင်း​ချေ သ​ကဲ့​သို့သူ​သည်​ပြည်​ရှင်​မင်း​တို့​အား နင်း​ချေ​ပစ်​လိမ့်​မည်။

ဟေ​ရှာ​ယ 41