1. ဘုရားသခင်က``အချင်းရပ်ဝေးနိုင်ငံတို့၊ ဆိတ်ဆိတ်နေ၍ ငါပြောသည်ကိုနားထောင်ကြလော့။သင်တို့အမှုကိုရုံးတော်သို့တင်ရန်အသင့် ပြင်ဆင်ကြလော့။သင်တို့သည်လျှောက်လဲပြောဆိုနိုင်ခွင့်ရရှိကြလိမ့်မည်။အဘယ်သူမှန်သည်ကိုစီရင်ဆုံးဖြတ်ရန် ငါတို့စုဝေးကြကုန်အံ့။
2. အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ရောက်ရှိလေရာအရပ်တို့တွင်သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်းလူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။သူ၏လေးမြားတို့သည်လည်းထိုသူတို့ကိုလေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။
3. သူသည်ရန်သူတို့အားလိုက်လံတိုက်ခိုက်ကာဘေးမဲ့လုံခြုံစွာဆက်လက်ချီတက်ရာတွင် လျင်မြန်လှသဖြင့်သူ၏ခြေသည်မြေ၌ပင်မထိတော့ ပါတကား။
4. ဤသို့ဖြစ်ပျက်စေသူကားအဘယ်သူနည်း။အဘယ်သူသည်သမိုင်း၏ဖြစ်ရပ်များကို စီရင်ဖန်တီးတော်မူပါသနည်း။ငါထာဝရဘုရားသည်ကပ်ကာလအစ ကပင်လျှင် ရှိနေတော်မူခဲ့၍၊ထာဝရအရှင်ငါဘုရားသခင်သည်ကပ် ကာလ အဆုံး၌လည်းရှိနေတော်မူလတ္တံ့။
5. ``ရပ်ဝေးနိုင်ငံများမှလူတို့သည်ငါပြု သည့်အမှုကို တွေ့မြင်ရကြလေပြီ။သူတို့သည်ထိတ်လန့်လျက်ကြောက်ဒူးတုန်၍ နေကြသဖြင့် လာရောက်စုဝေးကြကုန်၏။
6. လက်မှုပညာသည်တို့သည်အချင်းချင်းကူညီ ရိုင်းပင်းလျက်အားပေးစကားပြောကြားကြ၏။
7. လက်သမားကပန်းထိမ်သည်အား`သင်၏လက်ရာသည်ကောင်းလေစွ' ဟုဆို၏။ရုပ်တုကိုအချောထုရိုက်သူကယင်း၏အစိတ်အပိုင်းများကိုဆက်စပ်သူအား၊ အားပေးစကားပြောကြားလေ၏။`ဂဟေဆက်ပုံမှာကောင်းပေသည်' ဟု ပြောဆိုသူကပြောဆိုလျက်၊သူတို့သည်ရုပ်တုကိုနေရာတကျသံနှင့်ရိုက်၍ စိုက်ထူထားကြတော့၏။
8. ``သို့ရာတွင်ငါ၏အစေခံဣသရေလအမျိုး သားတို့၊ငါရွေးချယ်ထားသည့်သင်တို့သည်ငါ၏မိတ်ဆွေ အာဗြဟံ၏သားမြေးများဖြစ်ကြ၏။
9. ငါသည်သင်တို့အားကမ္ဘာမြေကြီးအစွန်းမှ ခေါ်ယူခဲ့၏။မြေစွန်းရပ်ဖျားများမှခေါ်ယူကာ၊သင်တို့သည် ကား၊ ငါ၏အစေခံများတည်းဟုဆိုခဲ့၏။ငါသည်သင်တို့အားပစ်ပယ်မည့်အစား ရွေးချယ်တော်မူခဲ့၏။
21-22. ဣသရေလအမျိုးတို့၏ဘုရင်ထာဝရ ဘုရားက``အချင်းလူမျိုးတကာဘုရားများတို့၊ သင်တို့၏အမှုကိုတင်ပြကြလော့။သင်တို့၏အခိုင်မာဆုံးသောလျှောက်လဲချက် များကို ယူဆောင်လာကြလော့။ဤအရပ်သို့လာ၍အနာဂတ်တွင်အဘယ်သို့ ဖြစ်ပျက်မည်ကိုပြောကြားကြလော့။အတိတ်ကအဖြစ်အပျက်များကိုဖြေရှင်းဖော်ပြကာ၊နောင်အခါ၌ယင်းတို့အဘယ်သို့အဆုံးသတ်မည်ကို ငါတို့အားပြောပြကြလော့။သို့မှသာလျှင်ထိုအရာများဖြစ်ပျက်လာချိန်၌ ငါတို့သိရှိကြလိမ့်မည်။