2. အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အား ကရုဏာထားတော်မူပါ။ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်ကိုမျှော်ကိုးပါ၏။ နေ့စဉ် နေ့တိုင်းကျွန်တော်မျိုးတို့အားကာကွယ် စောင့်ထိန်းတော်မူ၍ဒုက္ခရောက်ချိန်များ၌ ကယ်တော်မူပါ။-
3. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ဘက် မှနေ၍တိုက်ခိုက်တော်မူသောအခါ၊ ရန်သူ တို့သည်စစ်တိုက်ခိုက်သံများကြောင့်ထွက် ပြေးကြပါ၏။-
4. သူတို့၏ပစ္စည်းဥစ္စာများကိုလည်းတိုက်ရာ ပါအဖြစ်လုယက်သိမ်းယူခြင်းကိုခံရ ကြပါ၏။
5. ထာဝရဘုရားသည်အလွန်ကြီးမြတ်တော် မူပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောအရာတို့ကိုအစိုးရတော်မူပါ၏။ ယေရုရှလင်မြို့ကိုတရားမျှတမှုနှင့် သော်လည်းကောင်း၊ ဖြောင့်မတ်ခြင်းဖြင့်သော် လည်းကောင်းပြည့်ဝစေတော်မူ၍၊-
6. ဣသရေလအမျိုးသားတို့အားကြံ့ခိုင် တည်ငြိမ်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော် သည်မိမိ၏လူမျိုးတော်အားအစဉ်အမြဲ ကွယ်ကာစောင့်ရှောက်တော်မူ၍၊ ဉာဏ်ပညာ နှင့်အသိပညာကိုပေးတော်မူပါ၏။ သူ တို့၏အဖိုးအထိုက်ဆုံးဘဏ္ဍာကားထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေခြင်းပင်ဖြစ် သတည်း။
7. သူရဲကောင်းတို့သည်အကူအညီတောင်းခံ လျက် နေကြပါသည်တကား။ စစ်ပြေငြိမ်း ရန်ကြိုးစားကြသူသံတမန်များသည် ပြင်းပြစွာငိုကြွေးလျက်နေကြ၏။-
8. လမ်းမကြီးများသည်ဘေးအန္တရာယ်အလွန် များသဖြင့်အဘယ်သူမျှမသွားဝံ့ကြ၊ မဟာမိတ်စာချုပ်များကိုချိုးဖောက်၍သစ္စာ ကတိများသည်လည်းပျက်ပြယ်၍သွားလေ ပြီ။ အဘယ်သူမျှရိုသေလေးစားမှုကို မခံရကြတော့ပေ။-
9. တိုင်းပြည်သည်လည်းခြောက်သွေ့၍ လူသူဆိတ် ငြိမ်လျက်နေတော့၏။ လေဗနုန်တောသည်ညှိုး နွမ်းခြောက်သွေ့၍နေလေပြီ။ မြေသြဇာထက် သန်သည့်ရှာရုန်ချိုင့်ဝှမ်းသည် သဲကန္တာရကဲ့သို့ ဖြစ်လျက်၊ ဗာရှန်တောင်နှင့်ကရမေလတောင် တွင်ရှိသောသစ်ပင်များသည် အရွက်ကြွေကြ ကုန်၏။
10. ထာဝရဘုရားသည်လူမျိုးတကာတို့ အား``ယခုငါသည်အရေးယူဆောင်ရွက် ပေတော့အံ့။ ငါ၏တန်ခိုးတော်ကြီးမားပုံ ကိုပြတော်မူမည်။-
11. သင်တို့သည်အကျိုးမရှိသည့်အကြံအစည် များကိုပြုကြ၏။ သင်တို့ပြုသမျှသောအမှု တို့သည်လည်း အချည်းနှီးပင်။ ငါ၏ဝိညာဉ်သည် မီးကဲ့သို့ဖြစ်၍သင်တို့ကိုဖျက်ဆီးလိမ့်မည်။-
12. သင်တို့သည်ထုံးလုပ်ရန်မီးအဖုတ်ခံရသည့် ကျောက်ကဲ့သို့လည်းကောင်း၊ ပြာဖြစ်အောင်ကျွမ်း လောင်သွားသည့်ဆူးပင်ကဲ့သို့လည်းကောင်း ကြေမွသွားကြလိမ့်မည်။-
13. ရပ်နီးရပ်ဝေးတွင်ရှိသမျှသောသူတို့သည် ငါပြုသည့်အမှုအရာများအကြောင်းကို ကြားရ၍ ငါ၏တန်ခိုးတော်ကိုသိမှတ်ကြ ရာ၏'' ဟုမိန့်တော်မူ၏။
14. အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-