9. အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
10. အို ယေရုရှလင်မြို့၊ သင့်ကိုအုပ်စိုးသောမင်းများနှင့် သင်၏မြို့သူမြို့သားတို့သည်သောဒုံမြို့နှင့်ဂေါမောရမြို့မှလူတို့နှင့်တူကြ၏။ သင့်အားထာဝရဘုရားမိန့်တော်မူသောစကားတော်ကိုနားထောင်လော့။ ငါတို့၏ဘုရားသခင်သွန်သင်တော်မူသောအရာကိုအာရုံပြုလော့။-
11. ကိုယ်တော်က`သင်တို့ဆက်ကာဆက်ကာပူဇော်လျက်ရှိသည့်ယဇ်တို့ကိုငါအလိုရှိတော်မူသည်'' ဟုထင်မှတ်ကြပါသလော။ သင်တို့မီးရှို့ပူဇော်သည့်သိုးများနှင့်ဆူဖြိုးသောတိရစ္ဆာန်တို့၏ဆီဥများကိုငါငြီးငွေ့တော်မူပြီ။ သိုးနွားဆိတ်တို့၏သွေးများကိုလည်းငါမနှစ်သက်တော့ပေ။-
12. သင်တို့ငါ့ထံသို့ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောအခါ ထိုအရာများကိုယူဆောင်လာရကြမည်ဟုသင်တို့အားအဘယ်သူစေခိုင်းပါသနည်း။ အဘယ်သူသည်သင်တို့အားငါ၏ဗိမာန်တော်တွင် ဤသို့ရှုပ်ယှက်ခတ်သွားလာစေပါသနည်း။-
13. သင်တို့၏အသုံးမကျသောပူဇော်သကာများကို နောက်တစ်ဖန်ငါအလိုမရှိ။ သင်တို့ပူဇော်သည့်နံ့သာပေါင်း၏ရနံ့ကိုငါရွံမုန်း၏။ သင်တို့၏လဆန်းပွဲနေ့များ၊ ဥပုသ်နေ့များနှင့်ဘာသာရေးပွဲနေ့များကိုငါစက်ဆုပ်၏။ သင်တို့၏အပြစ်များကြောင့်ထိုအရာများသည်ဖောက်ပြန်ပျက်စီးနေသည်။-
14. သင်တို့၏လဆန်းပွဲနေ့များနှင့်မြင့်မြတ်သန့်ရှင်းသောနေ့များကိုငါမုန်း၏။ ထိုပွဲသဘင်များသည်ငါမထမ်းလိုတော့သည့်ဝန်ထုပ်ဖြစ်ပေသည်။
15. ``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
16. သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
17. သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။