2. ထာဝရဘုရားက``အို ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်တို့ ငါထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ ငါကျွေးမွေးပြုစုထားသည့်သားသမီးများသည်ငါ့အားပုန်ကန်ကြလေပြီ။-
3. ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
4. ``အချင်းအပြစ်ကူးသည့်လူမျိုး၊ ဖောက်ပြန်တတ်သူဒုစရိုက်သမားတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်အပြစ်ဝန်ထုပ်ပိလျက်နေကြပါသည်တကား။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်ဘုရားသခင်ကိုပစ်ပယ်လျက် ကိုယ်တော်ကိုကျောခိုင်းကြလေပြီ။-
5. သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန်လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမိုကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါသလော။ အချင်းဣသရေလပြည်သူတို့၊ သင်တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့်လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်းညှိုးနွမ်းလျက်နေ၏။-
6. ခြေဖဝါးမှဦးခေါင်းတိုင်အောင် သင်တို့ကိုယ်တစ်ခုလုံးသည်အနာနှင့်ကင်းသည်ဟူ၍မရှိ။ ပွန်းပဲ့ကွဲရှနာများ၊ ဒဏ်ရာသစ်ဒဏ်ရာဟောင်းများနှင့်ပြည့်လျက်နေပေသည်။ ထိုဒဏ်ရာများကိုဆေးကြောကာ၊ အဝတ်ဖြင့်မပတ်မစည်းရကြသေး။ ဆေးလည်းမထည့်ရကြသေး။
7. သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ်ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။-
8. အဝိုင်းခံလျက်နေရသည့်ယေရုရှလင်မြို့တစ်မြို့သာလျှင်ကျန်တော့၏။ ထိုမြို့ကားမိမိအတွက်ခုခံကာကွယ်နိုင်စွမ်းမရှိသည့်စပျစ်ဥယျာဉ်အစောင့်တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာတဲကဲ့သို့လည်းကောင်းဖြစ်၍နေ၏။
9. အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
10. အို ယေရုရှလင်မြို့၊ သင့်ကိုအုပ်စိုးသောမင်းများနှင့် သင်၏မြို့သူမြို့သားတို့သည်သောဒုံမြို့နှင့်ဂေါမောရမြို့မှလူတို့နှင့်တူကြ၏။ သင့်အားထာဝရဘုရားမိန့်တော်မူသောစကားတော်ကိုနားထောင်လော့။ ငါတို့၏ဘုရားသခင်သွန်သင်တော်မူသောအရာကိုအာရုံပြုလော့။-
11. ကိုယ်တော်က`သင်တို့ဆက်ကာဆက်ကာပူဇော်လျက်ရှိသည့်ယဇ်တို့ကိုငါအလိုရှိတော်မူသည်'' ဟုထင်မှတ်ကြပါသလော။ သင်တို့မီးရှို့ပူဇော်သည့်သိုးများနှင့်ဆူဖြိုးသောတိရစ္ဆာန်တို့၏ဆီဥများကိုငါငြီးငွေ့တော်မူပြီ။ သိုးနွားဆိတ်တို့၏သွေးများကိုလည်းငါမနှစ်သက်တော့ပေ။-
12. သင်တို့ငါ့ထံသို့ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောအခါ ထိုအရာများကိုယူဆောင်လာရကြမည်ဟုသင်တို့အားအဘယ်သူစေခိုင်းပါသနည်း။ အဘယ်သူသည်သင်တို့အားငါ၏ဗိမာန်တော်တွင် ဤသို့ရှုပ်ယှက်ခတ်သွားလာစေပါသနည်း။-