16. သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
17. သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။
18. ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
19. အကယ်၍သင်တို့သည်ငါ၏စကားကိုနားထောင်မည်ဆိုပါက မြေထွက်သီးနှံကောင်းများကိုစားသုံးရကြလိမ့်မည်။-
20. သို့ရာတွင်ငါ၏စကားကိုနားထောင်ရန်ငြင်းဆန်၍ ငါ့အားအာခံကြမည်ဆိုလျှင်မူကား သင်တို့သည်သေကြေပျက်စီးရကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
21. အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခုအခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင်သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခုအခါ၌သူသတ်သမားများသာလျှင်ကျန်ရှိနေတော့၏။-
22. အို ယေရုရှလင်မြို့၊ သင်သည်အခါတစ်ပါးကငွေနှင့်တူခဲ့၏။ ယခုမူကားတန်ဖိုးမဲ့ဖြစ်၍နေလေပြီ။ ယခင်အခါကသင်သည်စပျစ်ရည်ကောင်းနှင့်တူခဲ့၏။ ယခုမှာမူရေပကတိဖြစ်၍နေတော့၏။-
23. သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
24. သို့ဖြစ်၍တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည့်စကားကိုယခုနားထောင်လော့။ ကိုယ်တော်က``ငါသည်မိမိ၏ရန်သူတည်းဟူသောသင်တို့အားလက်စားချေတော်မူမည်ဖြစ်၍ သင်တို့သည်ငါ့ကိုအဘယ်သို့မျှဒုက္ခပေးနိုင်ကြတော့မည်မဟုတ်။-
25. ငါသည်သင့်အားအရေးယူအပြစ်ပေးမည်။ သတ္တု၏ချေးညှော်များကိုချွတ်သည့်နည်းတူ သင်၏အညစ်အကြေးများကိုလည်းချွတ်၍ သင့်အားသန့်စင်အောင်ငါပြုမည်။-
26. ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များနှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်းတရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
27. ထာဝရဘုရားသည်ဖြောင့်မှန်တော်မူသည်ဖြစ်၍ ယေရုရှလင်မြို့နှင့်နောင်တရသူမှန်သမျှကိုကယ်တင်တော်မူလိမ့်မည်။-