1. ဤကျမ်းစောင်သည်ဧဒုံပြည်ကိုရည်မှတ်၍ သြဗဒိအား အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော် ကိုဖော်ပြရာဖြစ်၏။ထာဝရဘုရားသည်လူမျိုးတကာတို့ ထံသို့ မိမိ၏သံတမန်ကိုစေလွှတ်တော် မူလေပြီ။``အသင့်ပြင်ဆင်ကြလော့။ဧဒုံပြည်သို့ငါတို့စစ်ချီကြကုန်အံ့'' ဟူ၍ကြွေးကြော်စေတော်မူသံကိုငါတို့ကြား ရကြ၏။
2. ထာဝရဘုရားသည်ဧဒုံပြည်အား ``ငါသည်သင့်ကိုအားအင်ချည့်နဲ့စေမည်။လူအပေါင်းတို့သည်သင့်ကိုရွံရှာ စက်ဆုတ်ကြလိမ့်မည်။
3. သင်၏မာန်မာနသည်သင့်ကိုလှည့်စား ထားလေပြီ။သင်၏မြို့တော်သည်ကျောက်တုံးကျောက်ခဲ ဖြင့် ပြီးသောခံတပ်မြို့ဖြစ်၍၊သင်၏တည်နေရာသည်မြင့်မားသော တောင်ပေါ်တွင်ဖြစ်သဖြင့်၊`ငါ့အားအဘယ်သူဆွဲချနိုင်ပါနည်း' ဟုသင်သည်တစ်ကိုယ်တည်းပြောဆိုနေတတ်၏။
4. သင်သည်လင်းယုန်ငှက်၏အသိုက်တမျှ မြင့်မားရာတွင်တည်နေသဖြင့်၊ကြယ်တာရာတို့အလယ်သို့ပင် ရောက်ရှိနေစေပါမူ၊သင့်ကိုငါဆွဲချမည်။
5. ``သူခိုးတို့သည်ညဥ့်အခါလာခဲ့သော်၊မိမိတို့အလိုရှိရာပစ္စည်းများကိုသာ လျှင် ယူငင်သွားကြ၏။စပျစ်သီးဆွတ်ခူးရန်လာသောသူတို့သည် လည်း၊စပျစ်သီးအနည်းငယ်ကိုချန်ထားခဲ့တတ် ကြ၏။သို့ရာတွင်သင်၏ရန်သူတို့မူကား၊သင်၏ ပစ္စည်းများကို အကုန်အစင်သိမ်းယူသွားကြလေပြီ။
6. ဧသော၏သားမြေးတို့၊သင်တို့၏ဥစ္စာဘဏ္ဍာများကို တိုက်ခိုက်လုယက်သွားကြလေကုန်ပြီ။
7. သင်တို့၏မဟာမိတ်များသည်လိမ်လည် လှည့်စားလျက်၊သင်တို့အားမိမိတို့ပြည်မှနှင်ထုတ်ကြ လေပြီ။သင်တို့နှင့်အတူငြိမ်းချမ်းစွာနေထိုင်ခဲ့ သူများက၊ ယခုသင်တို့အားလွှမ်းမိုးလိုက်ကြလေပြီ။သင်တို့နှင့်အတူစားသောက်ခဲ့သည့်မိတ်ဆွေများသည်သင်တို့အတွက်ထောင် ချောက်ကို ထောင်ထားကြလေပြီ။သူတို့သည်သင်တို့ကိုရည်မှတ်၍ဤသူတို့၏အသိအလိမ္မာကားအဘယ် သို့ ရောက်ရှိသွားလေပြီနည်းဟုဆိုကြ၏။
8. ``ငါသည်ဧဒုံပြည်ကိုအပြစ်ဒဏ်ခတ်ချိန်၌၊ သူ၏ပညာရှိများကိုသုတ်သင်၍၊အသိပညာရှိသမျှကို ပယ်ရှင်းပစ်မည်။
9. လက်နက်ကိုင်စွဲသူတေမန်မြို့သားတို့သည် ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။ဧဒုံပြည်ရှိစစ်သည်တပ်သားအပေါင်းတို့ သည် အသတ်ခံရကြလိမ့်မည်။