1. ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှဗောခိမ်မြို့သို့သွား၍ ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ပြီးလျှင် သင်တို့ဘိုးဘေးတို့အားငါကတိပြုခဲ့သည့် ပြည်သို့ပို့ဆောင်ပေးခဲ့၏။ ငါသည်သင်တို့နှင့် ပြုသည့်ပဋိညာဉ်ကိုအဘယ်အခါ၌မျှ ဖျက်လိမ့်မည်မဟုတ်။-
2. သင်တို့သည်ဤပြည်တွင်နေထိုင်သူတို့နှင့် အဘယ်သို့မျှပဋိညာဉ်မပြုရ။ ထိုသူ တို့၏ယဇ်ပလ္လင်များကိုဖြိုချရကြမည် ဟုသင်တို့အားငါမိန့်မှာခဲ့၏။ သို့ရာတွင် သင်တို့သည်ငါ၏အမိန့်ကိုမနာခံကြ။ အဘယ်ကြောင့်ဤသို့ပြုဘိသနည်း။-
3. သို့ဖြစ်၍သင်တို့ရှေ့သို့ချီတက်ကြသော အခါ ငါသည်ဤသူတို့ကိုထွက်ပြေးစေလိမ့် မည်မဟုတ်ဟု သင်တို့အားယခုငါဆို၏။ သူ တို့သည်သင်တို့၏ရန်သူများဖြစ်ကြလိမ့် မည်။ သင်တို့အတွက်သူတို့၏ဘုရားများ သည်ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်'' ဟုမြွက်ဆိုလေသည်။-
4. ဤသို့ကောင်းကင်တမန်မြွက်ဆိုပြီးသော အခါ၌ ဣသရေလအမျိုးသားအပေါင်း တို့သည်ငိုကြွေးကြကုန်၏။-
5. ထို့ကြောင့်ဤအရပ်ကိုဗောခိမ်မြို့ဟုခေါ်ဝေါ် သမုတ်သတည်း။ သူတို့သည်ထိုအရပ်တွင် ထာဝရဘုရားအားယဇ်ပူဇော်ကြ၏။
6. ယောရှုသည်ဣသရေလအမျိုးသားတို့ အား လူတိုင်းပင်မိမိတို့ဝေစုကျရာမြေ ယာကိုသိမ်းယူရန်ထွက်သွားစေ၏။-
7. ယောရှုအသက်ရှင်လျက်ရှိနေသမျှကာလ ပတ်လုံးဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားကိုးကွယ်ကြ၏။ ယောရှု ကွယ်လွန်ပြီးသည့်နောက်၌ပင်လျှင်ဣသရေလ အမျိုးသားတို့အတွက်ထာဝရဘုရားပြု တော်မူသောကြီးမြတ်သည့်အမှုတော်တို့ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရသူခေါင်း ဆောင်များအသက်ရှင်လျက်ရှိနေသမျှ ကာလပတ်လုံး လူတို့သည်ဆက်လက်၍ ထာဝရဘုရားအားကိုးကွယ်ကြသေး၏။-
8. ထာဝရဘုရား၏အစေခံ၊ နုန်၏သား ယောရှုသည်အသက်တစ်ရာ့တစ်ဆယ်ရှိ သော်ကွယ်လွန်လေသည်။-
9. သူ၏အလောင်းကိုဂါရှာကုန်းမြောက်ဘက်၊ ဧဖရိမ်တောင်ကုန်းဒေသရှိတိမနတ်ဿေရ မြို့၊ သူပိုင်မြေတွင်သင်္ဂြိုဟ်ကြ၏။-
10. ယောရှု၏ခေတ်ကလူအပေါင်းတို့သည်ကွယ် လွန်သွားကြသဖြင့် နောက်တစ်ခေတ်လူတို့သည် ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလ လူမျိုးအတွက်ကိုယ်တော်ပြုမူခဲ့သောအမှု တော်တို့ကိုလည်းကောင်းမေ့လျော့၍သွား ကြကုန်၏။
11. ထိုအခါ၌ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပြစ်မှားကာဗာလ ဘုရားများကိုကိုးကွယ်ကြလေသည်။-