12. ထိုသူတို့အနက်ကာလက်ဆိုသူက``ငါသည် ကိရယဿေဖာမြို့ကိုတိုက်ခိုက်အောင်မြင် သောသူအားငါ့သမီးအာခသနှင့် ပေးစားမည်'' ဟုဆို၏။-
13. ယင်းသို့ဆိုသည်အတိုင်းသြသံယေလသည် ထို မြို့ကိုအောင်မြင်စွာတိုက်ခိုက်နိုင်သည်ဖြစ်၍ ကာလက်၏သမီးကိုရလေသည်။ သူသည် ကာလက်၏ညီကေနတ်၏သားဖြစ်သတည်း။-
14. မင်္ဂလာဆောင်သောနေ့၌သြသံယေလသည် အာခသအားသူ၏ဖခင်ထံတွင်လယ်မြေ တစ်ကွက်ကိုတောင်းခံစေ၏။ အာခသသည် မြည်းအပေါ်မှဆင်းလိုက်သောအခါကာလက် က``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟုမေးလျှင်၊-
15. ``ကျွန်မအားဖခင်ပေးထားသည့်မြေယာ သည်ခြောက်သွေ့သည့်အရပ်တွင်တည်ရှိပါ သည်။ သို့ဖြစ်၍ကျွန်မအားစမ်းရေတွင်းတို့ ကိုလည်းပေးစေချင်ပါသည်'' ဟုဆို၏။ ထို အခါကာလက်သည်သူ့အားအထက်စမ်း ရေတွင်းများနှင့်အောက်စမ်းရေတွင်းများ ကိုပေးလေသည်။
16. မောရှေ၏ယောက္ခမမှဆင်းသက်လာသောကေနိ အမျိုးသားတို့သည်စွန်ပလွံပင်များပေါသည့် ယေရိခေါမြို့မှယုဒပြည်အာရဒ်မြို့တောင် ဘက်ရှိတောကန္တာရဒေသသို့ ယုဒအနွယ်ဝင် များနှင့်အတူထွက်ခွာသွားကြ၏။ ထိုနောက် သူတို့သည်အာမလက်အမျိုးသားတို့အထဲ တွင်အတည်တကျနေထိုင်ကြလေသည်။-
17. ယုဒအနွယ်ဝင်တို့သည်ရှိမောင်အနွယ်ဝင် တို့နှင့်အတူလိုက်၍ ဇေဖတ်မြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့အားတိုက်ခိုက် နှိမ်နင်းလိုက်ကြ၏။ သူတို့သည်ထိုမြို့ကို ကျိန်ဆဲကာဖျက်ဆီးပစ်ပြီးနောက်ဟော်မာ နာမည်ဖြင့်သမုတ်ကြလေသည်။-
18-19. ထာဝရဘုရားသည်ယုဒအနွယ်ဝင်တို့အား ကူမတော်မူသဖြင့် သူတို့သည်တောင်ကုန်းဒေသ ကိုသိမ်းပိုက်နိုင်ကြ၏။ သို့ရာတွင်ဂါဇမြို့၊ အာရှ ကေလုန်မြို့၊ ဧကြုံမြို့နှင့်ထိုမြို့များ၏အနီးရှိ နယ်ပယ်များကိုမူမသိမ်းပိုက်နိုင်ကြချေ။ ပင် လယ်ကမ်းခြေတွင်နေထိုင်ကြသော ဤသူတို့ တွင်သံရထားများရှိသဖြင့်ယုဒအမျိုး သားတို့သည်သူတို့အားနှင်ထုတ်ခြင်းငှာ မစွမ်းကြ။-
20. မောရှေမိန့်မှာခဲ့သည့်အတိုင်းကာလက်သည် ဟေဗြုန်မြို့ကိုရရှိလေသည်။ သူသည်အာနက် မှဆင်းသက်လာသောသားချင်းစုသုံးစု အားထိုမြို့မှနှင်ထုတ်လိုက်၏။-