1. ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။
2. အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ်ခြင်းကို ၎င်း တိုးပွါးစေလိမ့်မည်။
3. ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထား လော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
4. ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။
5. ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
6. သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
7. ငါသည်ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။
8. သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။
9. သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။