10. သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက် လျှင် အားနည်း၏။
11. သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊
12. ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
13. ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စား လော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။
14. ထိုအတူ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့် မည်။
15. အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
16. ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
17. သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။
18. ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည်။
19. မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မ လူတို့ကို မငြူစူနှင့်။
20. အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏ မီးခွက်သည် သေလိမ့်မည်။
21. ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။