1. စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။
2. ရှင်ဘုရင်ကြောက်စေသော အမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိအသက်ကို ပြစ်မှား၏။
3. ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ် အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့်ရောနှော တတ်၏။
4. ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို။ ထိုကြောင့် စပါးရိတ်သော ကာလ၌သူတပါးကို တောင်းသော်လည်း မရရာ။
5. လူစိတ်နှလုံး၌ ပညာအကြံသည် နက်သော ရေနှင့်တူသော်လည်း၊ ဥာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။
6. လူများတို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြောတတ်၏။ သစ္စာ ရှိသော သူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
7. ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။
8. တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ်၏။
9. ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့်ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်း။
10. အလေးချင်းမတူသောအလေး၊ အဝင်ချင်း မတူသော တင်းတောင်းတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
11. သူငယ်သော်လည်း၊ မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်း အရာအားဖြင့် ပြ၍၊ မိမိသဘောကို ထင်ရှားစေ၏။