2. ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။
3. မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။
4. နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။
5. သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။
6. မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍ မတွေ့ရာ။ ဥာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။
7. မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။
8. ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။
9. မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ၏။
10. စိတ်နှလုံးသည် မိမိဒုက္ခကို သိ၏။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။
11. မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သော သူ၏တဲမူကား၊ ပွင့်လန်းတတ်၏။
12. လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။
13. လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ် သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။
14. စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။
15. ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။
16. ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။
17. စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။
18. ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။