3. ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
4. အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
5. ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။
6. ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
7. ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။
8. ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။
9. အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။
10. တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
11. တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။
12. ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
13. လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။
14. အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။
15. အကျွမ်းမဝင်သောသူ၏ အမှု၌အာမခံသော သူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
16. နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။
17. သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
18. မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။