8. ငါ၏ပညတ်များကိုစောင့်ထိန်းကြလော့။ ငါသည်သင်တို့အားသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။''
9. ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။
10. တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသားချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။-
11. ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူသည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
12. တစ်စုံတစ်ယောက်သည်မိမိ၏ချွေးမနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သွေးနီးစပ်သူခြင်းဖောက်ပြန်ခြင်းကြောင့်သေဒဏ်ကိုခံထိုက်၏။-
13. ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
14. တစ်စုံတစ်ယောက်သည်သမီးနှင့်သူ၏မိခင်ကိုမယားအဖြစ်သိမ်းပိုက်လျှင် ရှက်ဖွယ်သောအမှုကိုပြုလုပ်ခြင်းဖြစ်သောကြောင့် သူတို့သုံးဦးစလုံးကိုမီးရှို့၍သတ်ရမည်။ သင်တို့တွင်ထိုကဲ့သို့ရှက်ဖွယ်သောအမှုမျိုးမရှိစေရ။-
15. တစ်စုံတစ်ယောက်သည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုသူနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။-
16. မိန်းမတစ်ဦးသည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုမိန်းမနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။
17. တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။-
18. တစ်စုံတစ်ယောက်သည်ရာသီသွေးပေါ်လျက်ရှိသောမိန်းမနှင့်ကာမစပ်ယှက်လျှင် သူတို့နှစ်ဦးသည်သန့်စင်မှုဆိုင်ရာပညတ်ကိုချိုးဖောက်သဖြင့်ဣသရေလအမျိုးမှနှင်ထုတ်ရမည်။-