11. ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူသည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
12. တစ်စုံတစ်ယောက်သည်မိမိ၏ချွေးမနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သွေးနီးစပ်သူခြင်းဖောက်ပြန်ခြင်းကြောင့်သေဒဏ်ကိုခံထိုက်၏။-
13. ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
14. တစ်စုံတစ်ယောက်သည်သမီးနှင့်သူ၏မိခင်ကိုမယားအဖြစ်သိမ်းပိုက်လျှင် ရှက်ဖွယ်သောအမှုကိုပြုလုပ်ခြင်းဖြစ်သောကြောင့် သူတို့သုံးဦးစလုံးကိုမီးရှို့၍သတ်ရမည်။ သင်တို့တွင်ထိုကဲ့သို့ရှက်ဖွယ်သောအမှုမျိုးမရှိစေရ။-
15. တစ်စုံတစ်ယောက်သည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုသူနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။-
16. မိန်းမတစ်ဦးသည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုမိန်းမနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။
17. တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။-
18. တစ်စုံတစ်ယောက်သည်ရာသီသွေးပေါ်လျက်ရှိသောမိန်းမနှင့်ကာမစပ်ယှက်လျှင် သူတို့နှစ်ဦးသည်သန့်စင်မှုဆိုင်ရာပညတ်ကိုချိုးဖောက်သဖြင့်ဣသရေလအမျိုးမှနှင်ထုတ်ရမည်။-
19. တစ်စုံတစ်ယောက်သည်မိမိအဒေါ်နှင့်ကာမစပ်ယှက်လျှင် သွေးနီးစပ်သူချင်းဖောက်ပြန်သဖြင့်နှစ်ဦးစလုံးအပြစ်ခံရမည်။-
20. တစ်စုံတစ်ယောက်သည်မိမိ၏ဘကြီး၊ ဘထွေး၏မယားနှင့်ကာမစပ်ယှက်လျှင်သူသည်ဘကြီး၊ ဘထွေး၏အသရေကိုဖျက်သောကြောင့်သူတို့သည်အပြစ်ဒဏ်ကိုခံရမည်။ နှစ်ဦးစလုံးသားသမီးများမရဘဲနေလိမ့်မည်။-
21. တစ်စုံတစ်ယောက်သည်မိမိညီအစ်ကို၏မယားနှင့်ထိမ်းမြားလျှင် သူတို့သည်သားသမီးမထွန်းကားဘဲရှိကြလိမ့်မည်။ သူသည်ဘာသာတရားထုံးနည်းအရမသန့်ရှင်းသောအမှုကိုပြု၍မိမိညီအစ်ကို၏အသရေကိုဖျက်၏။
22. တစ်ဖန်ထာဝရဘုရားက``ငါပို့ဆောင်၍သင်တို့ရောက်ရှိမည့်ခါနာန်ပြည်မှသင်တို့နှင်ထုတ်ခြင်းမခံရစေရန် ငါ၏ပညတ်အားလုံးတို့ကိုစောင့်ထိန်းရမည်။-
23. ထိုပြည်တွင်နေထိုင်သူတို့၏ဋ္ဌလေ့ထုံးစံများကိုမကျင့်သုံးနှင့်။ ထိုပြည်သို့သင်တို့ဝင်ရောက်နိုင်ရန် ငါသည်ထိုပြည်သားများကိုနှင်ထုတ်မည်။ ငါသည်သူတို့၏ဆိုးယုတ်သောအလေ့အကျင့်များကိုစက်ဆုပ်ရွံရှာ၏။-
24. အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက်သန်သောထိုပြည်ကို သင်တို့ပိုင်ဆိုင်ရန်ငါပေးမည်ဟုကတိထားသည့်အတိုင်းငါပြုမည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၍ သင်တို့သည်အခြားလူမျိုးများနှင့်မတူငါသီးသန့်ရွေးချယ်ထားသောလူမျိုးဖြစ်၏။-
25. သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
26. ငါသည်ထာဝရဘုရားဖြစ်၍သန့်ရှင်းသောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။ သင်တို့အားငါရွေးချယ်သဖြင့်ငါပိုင်၏။ ငါသာလျှင်သင်တို့ကိုပိုင်ရန်အတွက် သင်တို့အားလူမျိုးတကာမှငါသီးသန့်ရွေးချယ်တော်မူပြီ။
27. ``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။