1. ကာလအနည်းငယ်ကြာသော်ကိုယ်တော်သည် မြို့ရွာများကိုဖြတ်ကြွလျက် ဘုရားသခင် နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောတော်မူ၏။-
2. တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည်ကိုယ်တော် နှင့်အတူလိုက်ပါလာကြ၏။ အနာရောဂါဘေး၊ နတ်မိစ္ဆာဘေးမှကိုယ်တော်ကင်းလွတ်စေခဲ့သော အမျိုးသမီးအချို့တို့လည်းလိုက်ပါလာကြ၏။ ထိုသူတို့အနက်နတ်မိစ္ဆာခုနစ်ဖော်စွန့်ခွာသွား သောမာဂဒလမြို့သူမာရိ၊-
3. ဟေရုဒ်မင်း၏အိမ်ထောင်အုပ်ချုပ်ရေးမှူးခုဇ၏ ဇနီးယောဟန္န၊ ရှုရှန္နနှင့်အခြားအမျိုးသမီး များပါ၏။ ဤအမျိုးသမီးများသည်မိမိတို့ စရိတ်ဖြင့်ကိုယ်တော်နှင့်တပည့်တော်တို့အား လုပ်ကျွေးသမှုပြုကြ၏။
4. အမြို့မြို့မှလာကြသောလူအပေါင်းတို့သည် အထံတော်တွင်စုရုံးလျက်နေကြစဉ်ကိုယ် တော်သည်ပုံဥပမာဆောင်၍၊-
5. ``မျိုးကြဲသူသည်မျိုးကြဲရန်ထွက်သွား၏။ မျိုးကြဲ သောအခါအချို့မျိုးစေ့များသည်လမ်းတွင်ကျ၏။ ထိုမျိုးစေ့တို့ကိုလူများကျော်နင်း၍ငှက်များ ကောက်စားကြ၏။-
6. အချို့မျိုးစေ့များသည်ကျောက်မြေပေါ်တွင်ကျ ၏။ အပင်များပေါက်ပြီးနောက်ရေမရသဖြင့် ညှိုးနွမ်းခြောက်သွေ့ကုန်၏။-
7. အချို့မျိုးစေ့များသည်ဆူးတောတွင်ကျ၏။ ဆူးပင် များသည်အပင်ငယ်များနှင့်အတူကြီးထွားလာ ပြီးလျှင်ထိုအပင်ငယ်တို့ကိုလွှမ်းမိုးသွား၏။-
8. အချို့မျိုးစေ့များကားမြေကောင်းမြေသန့်တွင်ကျ သဖြင့်အပင်ပေါက်၍အဆတစ်ရာသီးနှံများကို ဖြစ်ပွားစေ၏'' ဟုမိန့်တော်မူ၏။ ထိုနောက် ``ကြား တတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟု ကြွေးကြော်တော်မူ၏။
9. တပည့်တော်တို့သည်ဤပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုကိုယ်တော်အားမေးလျှောက်ကြ၏။-
10. ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။
11. ``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကားဤသို့ တည်း။ မျိုးစေ့သည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဆိုလို၏။-
12. လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသူများကိုဆိုလို၏။ သို့ ရာတွင်မာရ်နတ်သည်ထိုသူတို့ယုံကြည်၍ ကယ် တင်ခြင်းခံရကြမည်စိုးသဖြင့်လာ၍ သူတို့၏ စိတ်နှလုံးထဲမှနှုတ်ကပတ်တရားတော်ကို နုတ်ယူသွား၏။-
13. ကျောက်မြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသောအခါ ဝမ်းမြောက်စွာ ယုံကြည်ခံယူသူများကိုဆိုလိုသည်။ သို့ရာတွင် သူတို့၏စိတ်နှလုံးတွင်နှုတ်ကပတ်တော်သည် အမြစ်မစွဲ။ ကာလအနည်းငယ်သာယုံကြည် လက်ခံ၏။ သို့ရာတွင်စုံစမ်းနှောင့်ယှက်ခြင်းတွေ့ သောအခါသူတို့သည်ဖောက်ပြန်သူများ ဖြစ်ကြ၏။-
14. ဆူးတောတွင်ကျသည့်မျိုးစေ့ကားနှုတ်ကပတ် တရားတော်ကိုကြားပြီးနောက်စိုးရိမ်ကြောင့် ကြမှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှု များကလွှမ်းမိုးသဖြင့်အောင်မြင်သောအသီး မသီးနိုင်သူများကိုဆိုလို၏။-
15. မြေကောင်းမြေသန့်တွင်ကျသောမျိုးစေ့မူကား နှုတ်ကပတ်တော်ကိုကြားပြီးနောက် ရိုးဖြောင့် ကောင်းမွန်သောစိတ်နှလုံးတွင်စွဲမြဲစွာခံယူ ကာအသီးသီးသူများကိုဆိုလိုသတည်း။
16. ``ဆီမီးကိုထွန်းပြီးလျှင်တောင်းဖြင့်အုပ်ထား ခြင်း၊ ခုတင်အောက်မှာထားခြင်းကိုအဘယ်သူ မျှမပြုတတ်။ အခန်းထဲသို့ဝင်လာသူများ အလင်းကိုမြင်စေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။
17. ``ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ် လာရမည်။ ဖုံးအုပ်ထားသောအရာဟူသမျှ သည်ပေါ်လွင်ထင်ရှားလာရမည်။
18. ``သို့ဖြစ်၍သင်တို့မည်သို့မည်ပုံကြားနာသည် ကိုသတိပြုကြလော့။ ရှိသူအားထပ်၍ပေး လိမ့်မည်။ မရှိသူထံမှရှိသည်ဟုထင်ရသော အရာရှိသမျှကိုပင်သိမ်းယူလိမ့်မည်'' ဟု မိန့်တော်မူ၏။
19. ကိုယ်တော်၏မယ်တော်နှင့်ညီတော်များသည် အထံတော်သို့လာကြ၏။ သို့ရာတွင်လူပရိ သတ်တိုးမပေါက်သဖြင့်ကိုယ်တော်အားတွေ့ ခွင့်မရနိုင်ကြ။-