24. အမှန်အကန်သင်တို့အားငါဆိုသည်ကား အဘယ်ပရောဖက်မျှမိမိနေရင်းမြို့တွင် မျက်နှာမရတတ်။-
25. ဧလိယလက်ထက်၌ဣသရေလနိုင်ငံတွင် သုံး နှစ်နှင့်ခြောက်လပတ်လုံးမိုးခေါင်၍အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ခဲ့၏။-
26. ဣသရေလအမျိုးဖြစ်သောမုဆိုးမအများရှိ သော်လည်း မည်သူ့ထံသို့မျှဘုရားသခင်သည် ပရောဖက်ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုံ ပြည်၊ ဇရတ္တမြို့သူမုဆိုးမထံသို့သာလျှင်စေ လွှတ်တော်မူ၏။-
27. ပရောဖက်ဧလိရှဲလက်ထက်၌လည်းဣသရေလ အမျိုးသားတို့တွင် အရေဖျားရောဂါသည် အများရှိသော်လည်းမည်သူမျှသန့်စင်ခွင့် မရ။ ရှုရိပြည်သားနေမန်သာလျှင်ရ၏'' ဟုမိန့်တော်မူ၏။
28. တရားဇရပ်ရှိလူအပေါင်းတို့သည်ထိုစကား ကိုကြားသောအခါပြင်းစွာအမျက်ထွက်ကြ၏။-
29. ထိုနောက်ကိုယ်တော်အားတောင်ကမ်းပါးမှတွန်းချ အံ့သောငှာမြို့တည်ရာတောင်ထိပ်စွန်းသို့ခေါ် ဆောင်သွားကြ၏။-
30. သို့ရာတွင်ကိုယ်တော်သည်လူပရိသတ်အလယ် မှလျှောက်၍ကြွသွားတော်မူ၏။
31. ကိုယ်တော်သည်ဂါလိလဲပြည်၊ ကပေရနောင်မြို့ သို့ရောက်တော်မူ၏။ ဥပုသ်နေ့၌တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူ၏။-
32. ကိုယ်တော်၏သွန်သင်ချက်တွင်တန်ခိုးအာဏာ ပါသဖြင့်လူတို့သည်အံ့သြကြ၏။-
33. တရားဇရပ်ထဲတွင်ညစ်ညမ်းသောနတ်ပူးဝင် နေသူတစ်ယောက်ရှိ၏။-
34. ညစ်ညမ်းသောနတ်က ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့သက်ဆိုင် တော်မူပါသနည်း။ အကျွန်ုပ်တို့အားသေကြေ ပျက်စီးစေရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူဖြစ်ပါသည်'' ဟုကျယ်စွာ ဟစ်အော်၏။
35. သခင်ယေရှုက ``တိတ်တိတ်နေလော့။ သူ့အထဲမှ ထွက်ခဲ့လော့'' ဟုမိန့်တော်မူ၏။ နတ်မိစ္ဆာသည်ထို သူကိုလူအများရှေ့မှာလှဲချလိုက်၏။ ထိုနောက် ဘေးအန္တရာယ်မပြုဘဲသူ့အထဲမှထွက်သွား၏။
36. လူအပေါင်းတို့သည်အံ့သြလျက် ``ဤသူ၏ အမိန့်စကားကားအဘယ်သို့နည်း။ သူသည် ညစ်ညမ်းသောနတ်များအားထွက်သွားရန် တန်ခိုးအာဏာဖြင့်အမိန့်ပေး၍ သူတို့သည် ထွက်သွားကြပါသည်တကား'' ဟုအချင်း ချင်းပြောဆိုကြ၏။-