2. အန္နနှင့်ကယာဖတို့သည်ကားယဇ်ပုရောဟိတ် မင်းများဖြစ်ကြ၏။ ထိုအခါတောကန္တာရ၌ရှိ သောဇာခရိ၏သားယောဟန်သည် ဘုရားသခင် ၏ဗျာဒိတ်တော်ကိုခံရ၏။-
3. သို့ဖြစ်၍ယောဟန်သည်ယော်ဒန်မြစ်ဝှမ်းတလျှောက် သို့သွားရောက်၍ ``နောင်တရ၍ဗတ္တိဇံကိုခံယူကြ လော့။ သို့မှသာဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟုလူတို့အား ဟောပြော၏။-
4. ပရောဖက်ဟေရှာယကျမ်းတွင်ပါရှိသည်နှင့် အညီ၊ တောကန္တာရတွင်လူတစ်ယောက်သည် ကြွေး ကြော်လျက်နေသည်မှာ၊`ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ကိုယ်တော်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့။
5. ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကို ဖြိုရကြမည်။လမ်းကောက်များကိုဖြောင့်စေ၍လမ်းကြမ်းများကို ချောမောပြေပြစ်စေရမည်။
6. လူအပေါင်းတို့သည်ဘုရားသခင်၏ကယ်တင်ခြင်း ကျေးဇူးကိုတွေ့မြင်ရကြလတ္တံ့' ဟုတောကန္တာရတွင်လူတစ်ယောက်သည် ကြွေးကြော်လျက်နေ၏။
7. ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။-
8. နောင်တနှင့်လျော်ကန်သည့်အကျင့်ကိုကျင့်ကြ လော့။ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟု မပြောကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲ များကိုအာဗြဟံ၏သားသမီးများဖြစ်စေ ရန်ဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
9. သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
10. လူပရိသတ်အပေါင်းတို့က ``ထိုသို့ဖြစ်ပါမူ အကျွန်ုပ်တို့သည်အဘယ်သို့ပြုရပါမည်နည်း'' ဟု မေးလျှောက်၏။
11. ထိုအခါယောဟန်က ``အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူအားတစ်ထည်ဝေမျှစေ။ စားသောက် စရာရှိသူသည်လည်းထိုနည်းတူဝေမျှစေ'' ဟု ပြန်ပြော၏။