1. ထိုနောက်သခင်ယေရှုသည်ဂါလိလဲပြည်တွင် ဒေသစာရီလှည့်လည်တော်မူ၏။ ယုဒအာဏာ ပိုင်တို့သည်ကိုယ်တော်ကိုသတ်ရန်ကြံစည်နေ ကြသဖြင့် ကိုယ်တော်သည်ယုဒပြည်တွင်ဒေသ စာရီလှည့်လည်တော်မမူလို။-
2. ယုဒအမျိုးသားတို့၏သစ်ခက်တဲနေ့ကောက် သိမ်းပွဲတော်အခါကားနီးကပ်၍လာ၏။-
3. သို့ဖြစ်၍ညီတော်များကကိုယ်တော်အား ``သင် ပြုသောအမှုအရာများကိုသင့်တပည့်တို့ တွေ့မြင်နိုင်ကြစေရန် ဤအရပ်မှထွက်ခွာ၍ ယုဒပြည်သို့သွားပါလော့။-
4. မည်သူမဆိုထင်ပေါ်ကျော်ကြားလိုလျှင် အဘယ်အမှုကိုမျှလျှို့ဝှက်စွာပြုလေ့မရှိ။ သင်သည်ဤသို့အံ့သြဖွယ်အမှုအရာများ ကိုပြုမည်ဆိုပါက သင်၏အကြောင်းကိုကမ္ဘာ ကသိအောင်ပြုပါလော့'' ဟုဆိုကြ၏။-
5. (ညီတော်များသည်ပင်လျှင်ကိုယ်တော်ကို မယုံကြည်ကြ။)
6. သခင်ယေရှုက ``ငါ့အချိန်မကျရောက်သေး။ သင်တို့အချိန်ကားအစဉ်ကျရောက်လျက်ရှိ၏။-
7. ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-
8. ထိုပွဲတော်သို့သင်တို့သွားကြကုန်။ ငါကား ငါ့အချိန်မကျရောက်သေးသဖြင့်သွား လိမ့်မည်မဟုတ်'' ဟုပြန်၍မိန့်တော်မူ၏။-
9. ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ဂါလိလဲပြည်တွင်ဆက်၍နေတော်မူ၏။