58. သို့ဖြစ်၍ဤအစာအာဟာရကားကောင်းကင် ဘုံမှဆင်းသက်သောအစာအာဟာရဖြစ်၏။ သင်တို့ဘိုးဘေးများစားသုံးကြရသည့် အစာအာဟာရမျိုးမဟုတ်။ ထိုအစာအာ ဟာရကိုသုံးဆောင်သူတို့သည်သေကြရ၏။ ဤ အစာအာဟာရကိုစားသူမူကားအစဉ် မပြတ်အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
59. သခင်ယေရှုသည်ကပေရနောင်မြို့တရား ဇရပ်တွင်ဟောပြောသွန်သင်တော်မူစဉ်က ဤ သြဝါဒများကိုပေးတော်မူသတည်း။
60. ထိုသြဝါဒများကိုတပည့်တော်အမြောက် အမြားပင်ကြားကြ၏။ သူတို့က ``ဤသွန်သင် တော်မူချက်တို့သည်ခက်ခဲလှသဖြင့် အဘယ် သူလိုက်နာနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
61. ဤသို့တပည့်တော်တို့သည်ညည်းတွားနေကြ သည်ကို သခင်ယေရှုသည်အလိုအလျောက်သိ တော်မူသဖြင့် ``ဤစကားကြောင့်သင်တို့စိတ် ပျက်ကြသလော။-
62. အကယ်၍လူသားသည်မိမိနေရင်းရပ်ထံ သို့တက်ကြွတော်မူသည်ကိုမြင်ကြရပါမူ သင်တို့အဘယ်သို့ထင်မှတ်ကြမည်နည်း။-
63. ဘုရားသခင်၏ဝိညာဉ်တော်ကသာလျှင် အသက်ကိုရှင်စေနိုင်၏။ လူတို့၏တန်ခိုး စွမ်းရည်မူကားမည်သို့မျှမတတ်နိုင်။ သင် တို့အားငါပြောသောစကားသည်အသက် ရှင်စေသည့်ဝိညာဉ်တော်နှင့်သက်ဆိုင်၏။-
64. သို့သော်လည်းသင်တို့အနက်အချို့သောသူ တို့သည်မယုံကြည်ကြ'' ဟုမိန့်တော်မူ၏။ (မည် သူတို့မယုံကြည်ကြသည်ကိုလည်းကောင်း၊ မည်သူသည်ကိုယ်တော်အားရန်သူ့လက်သို့ အပ်နှံမည်ကိုလည်းကောင်း သခင်ယေရှုသည် အစကတည်းကပင်သိတော်မူပြီးဖြစ်၏။)-
65. ဆက်လက်၍ကိုယ်တော်က ``ဤအကြောင်း ကြောင့်ခမည်းတော်အခွင့်ပေးတော်မမူ လျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင် ဟုသင်တို့အားငါဆိုခဲ့ပြီ'' ဟူ၍မိန့် တော်မူ၏။
66. ထိုအချိန်မှစ၍တပည့်တော်အများပင် အထံတော်မှဆုတ်ခွာလျက် ကိုယ်တော်နှင့် အတူမလိုက်ဘဲနေကြ၏။-