1. ဖာရိရှဲဂိုဏ်းဝင်ဖြစ်သူနိကောဒင်နာမည်ရှိသော ယုဒအမျိုးသားခေါင်းဆောင်တစ်ယောက်ရှိ၏။-
2. သူသည်ညဥ့်အခါကိုယ်တော်၏ထံသို့လာ၍ ``အရှင်ဘုရား၊ ဘုရားသခင်အတူပါရှိတော် မမူလျှင် အဘယ်သူမျှအရှင်ပြတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍အရှင်သည်ဘုရားသခင် စေလွှတ်တော်မူသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏'' ဟုလျှောက်၏။
3. သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား တစ်ဖန်မွေးဖွားခြင်းမခံရသူသည် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်'' ဟု မိန့်တော်မူ၏။
4. နိကောဒင်က ``အသက်ကြီးသောသူသည် အဘယ်သို့လျှင် တစ်ဖန်မွေးဖွားခြင်းကိုခံရ ပါမည်နည်း။ အမိဝမ်းသို့ပြန်၍ဝင်ပြီးလျှင် ဒုတိယအကြိမ်မွေးဖွားခြင်းကိုခံရပါ မည်လော'' ဟုလျှောက်၏။
5. သခင်ယေရှုက ``အမှန်အကန်သင့်အားငါ ဆိုသည်ကား၊ ရေနှင့်ဝိညာဉ်တော်အားဖြင့်မွေး ဖွားလာသူမဟုတ်လျှင် အဘယ်သူမျှဘုရား သခင်၏နိုင်ငံတော်သို့မဝင်ရ။-
6. အသွေးအသားအားဖြင့်မွေးဖွားသူသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည်ဝိညာဉ်ဖြစ်၏။-
7. တစ်ဖန်မွေးဖွားခြင်းကိုခံရကြမည်ဟုငါ ဆိုသည်ကိုမအံ့သြနှင့်။-
8. လေသည်မိမိတိုက်လိုရာသို့တိုက်တတ်၏။ လေ၏ အသံကိုကြားရသော်လည်းအဘယ်အရပ်မှ တိုက်လာသည်ကိုသော်လည်းကောင်း၊ အဘယ်အရပ် သို့တိုက်လိမ့်မည်ကိုသော်လည်းကောင်းမသိနိုင်။ ဝိညာဉ်တော်အားဖြင့်မွေးဖွားသူတိုင်းသည် လည်း ဤနည်းတူပင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
9. နိကောဒင်က ``ဤအမှုအရာသည်အဘယ် သို့ဖြစ်နိုင်ပါမည်နည်း'' ဟုလျှောက်၏။
10. သခင်ယေရှုက ``သင်သည်ဣသရေလအမျိုး သားတို့၏ဆရာတစ်ဦးဖြစ်ပါလျက် ဤ အမှုအရာအကြောင်းကိုမသိသလော။-
11. အမှန်အကန်သင့်အားငါဆိုသည်ကား ငါတို့ သည်မိမိတို့သိသည့်အရာကိုပြောကြ၏။ မြင် သည့်အရာကိုသက်သေခံကြ၏။ သို့ရာတွင် ငါတို့၏သက်သေခံချက်ကိုသင်တို့လက် မခံကြ။-
12. လောကနှင့်ဆိုင်သောအရာများကိုငါဖော်ပြ သောအခါ၌သင်တို့မယုံကြလျှင် ကောင်းကင် ဘုံနှင့်ဆိုင်သောအရာများကိုဖော်ပြသော အခါ၌ အဘယ်သို့လျှင်သင်တို့ယုံကြည် ကြမည်နည်း။-
13. ကောင်းကင်ဘုံမှဆင်းသက်လာသောလူသား မှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့ မရောက်ဖူးကြ'' ဟုမိန့်တော်မူ၏။
14-15. မိမိအားယုံကြည်သူအပေါင်းတို့သည် ထာဝရ အသက်ကိုရရှိကြစေရန် လူသားသည်တော ကန္တာရ၌တိုင်ထိပ်တွင်မောရှေမြှောက်တင်ထား သည့်ကြေးမြွေရုပ်ကဲ့သို့မြှောက်တင်ခြင်း ခံရလိမ့်မည်။-
16. ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
17. သားတော်ကိုလောကသို့စေလွှတ်တော်မူသည် မှာ လောကသားတို့အားအပြစ်စီရင်ရန် မဟုတ်။ လောကသားတို့ကိုကယ်တင်ရန် ဖြစ်၏။
18. သားတော်ကိုယုံကြည်သူသည်အပြစ်စီရင် တော်မူခြင်းကိုမခံရ။ မယုံကြည်သူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ကိုမယုံကြည်သည့်အတွက် ယခုပင်အပြစ် စီရင်ခြင်းကိုခံရ၏။-