2. စစ်သားများသည်ဆူးခက်ဖြင့်ရက်သောဦးရစ် သရဖူကိုပြုလုပ်၍ ဦးခေါင်းတော်ကိုဆောင်း ပေးကြ၏။ ထိုနောက်နီမောင်းသောဝတ်လုံကို ကိုယ်တော်အားဝတ်ပေးပြီးလျှင်၊-
3. အထံတော်သို့ချဉ်းကပ်၍ ``ယုဒရှင်ဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟုဆို၍ပါးတော် ကိုရိုက်ကြ၏။
4. ပိလတ်မင်းသည်အပြင်သို့တစ်ဖန်ထွက်ပြီး လျှင်ပရိသတ်တို့အား ``ထိုသူကိုသေဒဏ်ပေး နိုင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့ ကြောင်း သင်တို့သိရှိကြစေရန်သူ့အားသင် တို့ထံသို့ငါထုတ်ခဲ့မည်'' ဟုဆို၏။-
5. သခင်ယေရှုသည်လည်းဆူးဦးရစ်သရဖူကို ဆောင်းလျက်နီမောင်းသောဝတ်လုံကိုဝတ်ဆင် ကာ အပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်း က ``ကြည့်ကြလော့၊ ဤသူပင်ဖြစ်သည်'' ဟု ဆို၏။
6. ယဇ်ပုရောဟိတ်ကြီးများနှင့်အစောင့်တပ်သား များသည်ကိုယ်တော်ကိုမြင်သောအခါ ``သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ။ သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ဟစ်အော်ကြ၏။ပိလတ်မင်းက ``သင်တို့ပင်သူ့ကိုခေါ်ဆောင် ပြီးလျှင်လက်ဝါးကပ်တိုင်တွင်တင်၍သတ် ကြလော့။ သူ့ကိုသေဒဏ်ပေးရန်အကြောင်း တစ်စုံတစ်ရာမျှငါမတွေ့'' ဟုဆို၏။-
7. လူထုက ``ထိုသူသည်မိမိကိုယ်ကိုဘုရား သခင်၏သားတော်ဟုဆိုသောကြောင့် သေဒဏ် ခံထိုက်ကြောင်း အကျွန်ုပ်တို့တရားဥပဒေ ကဆိုပါသည်'' ဟုပြန်၍ဖြေကြား၏။
8. ထိုသူတို့၏စကားကိုကြားလျှင်ပိလတ် မင်းသည်ပို၍ပင်ကြောက်လန့်လာ၏။-
9. သို့ဖြစ်၍အိမ်တော်ထဲသို့ပြန်ဝင်ပြီးနောက် သခင်ယေရှုအား ``သင်သည်အဘယ်မှလာ သနည်း'' ဟုမေး၏။သို့ရာတွင်သခင်ယေရှုသည်မည်သို့မျှ ဖြေကြားတော်မမူ။-
10. ပိလတ်မင်းက ``သင်သည်ငါနှင့်စကားပြော ရန်ငြင်းဆန်နေပါသလော။ ငါသည်သင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်သည်ကိုလည်း ကောင်း၊ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပိုင် သည်ကိုလည်းကောင်းသင်မသိပါသလော'' ဟုမေး၏။
11. သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။-
12. ဤသို့မိန့်တော်မူသောကြောင့်ပိလတ်မင်းသည် ကိုယ်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နည်းလမ်းရှာကြံလေတော့၏။ သို့ရာတွင်လူ ထုက ``ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ပါမူအရှင်မင်းကြီးသည်ဧကရာဇ်မင်း၏ အဆွေတော်မဟုတ်တော့ပြီ။ မည်သူမဆို မိမိကိုယ်ကိုရှင်ဘုရင်ဟုဆိုသူသည် ဧကရာဇ်မင်းကိုပုန်ကန်သူဖြစ်ပါ၏'' ဟု ဟစ်အော်ကြ၏။
13. ဤစကားကိုကြားသောအခါပိလတ်မင်း သည်သခင်ယေရှုကိုအပြင်သို့ထုတ်ဆောင် ခဲ့ပြီးလျှင် ကျောက်ပြားစင်္ကြံပေါ်ရှိတရား ခွင်တွင်ထိုင်လေ၏။ (ထိုစင်္ကြံကိုဟေဗြဲ ဘာသာဖြင့်ဂဗ္ဗသဟုခေါ်၏။)-
14. ထိုအချိန်ကားပသခါပွဲအကြိုနေ့၊ မွန်းတည့် ခါနီးဖြစ်သတည်း။ ပိလတ်မင်းက ``ကြည့် ကြလော့၊ ဤမှာသင်တို့၏ရှင်ဘုရင်တည်း'' ဟုယုဒအမျိုးသားတို့အားဆို၏။
15. ထိုသူတို့က ``သူ့ကိုသတ်ပါ၊ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ပြန်၍ဟစ်အော်ကြ၏။ပိလတ်မင်းက ``သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေလို သလော'' ဟုမေး၏။ယဇ်ပုရောဟိတ်ကြီးများက ``အကျွန်ုပ်တို့ မှာဧကရာဇ်မင်းမှတစ်ပါးအခြားရှင် ဘုရင်မရှိပါ'' ဟုပြန်ပြောကြ၏။
16. ထိုအခါပိလတ်မင်းသည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန် ထိုသူ တို့လက်သို့အပ်လိုက်လေ၏။သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုခေါ်ဆောင် သွားကြ၏။-
17. ကိုယ်တော်သည်ဦးခေါင်းခွံဟုနာမည်တွင်သော အရပ်သို့မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်း လျက်ကြွတော်မူ၏။ (ထိုအရပ်ကိုဟေဗြဲ ဘာသာအားဖြင့် ``ဂေါလဂေါသ'' ဟုခေါ် သတည်း။)-
18. ထိုအရပ်မှာကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။ ကိုယ်တော်နှင့်အတူအခြား သူနှစ်ယောက်ကိုလည်းကိုယ်တော်၏လက်ယာ ဘက်တွင်တစ်ယောက် လက်ဝဲဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။ ကိုယ်တော်ကိုမူကားအလယ်တွင်ထား သတည်း။-
19. ပိလတ်မင်းသည်ကမ္ပည်းလိပ်စာရေး၍ကိုယ်တော် ၏လက်ဝါးကပ်တိုင်ပေါ်မှာကပ်ထားစေ၏။ ထို ကမ္ပည်းလိပ်စာကား ``ယုဒဘုရင်၊ နာဇရက်မြို့ သားယေရှု'' ဟူ၍ဖြစ်သတည်း။-
20. သခင်ယေရှုကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်သည့်အရပ်မှာမြို့နှင့်နီးကပ်သဖြင့် လူအများပင်ထိုကမ္ပည်းလိပ်စာကိုဖတ် ကြည့်ကြ၏။ ကမ္ပည်းလိပ်စာကိုယုဒဘာသာ၊ လက်တင်ဘာသာနှင့်ဂရိဘာသာတို့ဖြင့် ရေးသားထားသည်။-