15. ကိုယ်တော်၏အကြောင်းကိုယောဟန်ဟောပြော၏။ ယောဟန်က ``ငါ၏နောက်ကြွလာသူသည်ငါ မမွေးမီကပင်ရှိနေနှင့်သဖြင့်ငါ့ထက်ကြီး မြတ်သူဖြစ်သည်ဟုငါသက်သေခံခဲ့သူကား ဤအရှင်ပင်တည်း'' ဟုကြွေးကြော်လေသည်။
16. ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။-
17. ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
18. လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
19. ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
20. ထိုအခါယောဟန်က ``ငါသည်မေရှိယ မဟုတ်'' ဟုထိန်ဝှက်ခြင်းမရှိဘဲအတိ အလင်းပြောဆို၏။
21. ထိုသူတို့က ``သင်သည်မေရှိယမဟုတ်လျှင် အဘယ်သူနည်း။ ဧလိယပေလော'' ဟုတစ်ဖန် မေးပြန်ကြ၏။ယောဟန်က ``ငါသည်ဧလိယမဟုတ်'' ဟုဆို၏။သူတို့က ``ပရောဖက်ပေလော'' ဟုမေးကြလျှင်၊``ငါသည်ပရောဖက်လည်းမဟုတ်'' ဟုဆိုပြန်၏။
22. ထိုသူတို့က ``သင်သည်အဘယ်သူနည်း။ ငါ တို့ကိုစေလွှတ်လိုက်သူများအားပြန်၍ ပြောရပါမည်။ သင်ကိုယ်တိုင်ကမည်သို့ ဆိုပါသနည်း'' ဟုမေးမြန်းကြ၏။
23. ယောဟန်က ``ငါသည်ပရောဖက်ဟေရှာယ ဖော်ပြခဲ့သည်အတိုင်း၊`ထာဝရဘုရားသခင်၏လမ်းခရီးတော်ကို ဖြောင့်တန်းအောင်ပြုကြလော့' ဟုတောကန္တာရ၌ကြွေးကြော်နေသောအသံဖြစ်၏''ဟုဆို၏။
24. ယောဟန်ထံသို့ရောက်လာကြသောစေတမန် များတွင်ဖာရိရှဲအချို့ပါ၏။-
25. ထိုသူတို့က ``သင်သည်မေရှိယမဟုတ်၊ ဧလိယ လည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါမူအဘယ် ကြောင့်ဗတ္တိဇံမင်္ဂလာကိုပေးပါသနည်း'' ဟု မေးကြ၏။
26. ယောဟန်က ``ငါသည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သင်တို့တွင်သင်တို့မသိသော အရှင်ရှိ၏။-
27. ထိုအရှင်သည်ငါ့နောက်ကြွလာသော်လည်း ငါ သည်သူ၏ဖိနပ်ကြိုးကိုမျှမဖြည်ထိုက်'' ဟု ဆို၏။
28. ယောဟန်ဗတ္တိဇံမင်္ဂလာပေးရာယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိဗေသနိရွာတွင်ဤအမှု အရာဖြစ်ပျက်သတည်း။