6. ကိုယ်တော်သည်လူအပေါင်းတို့ကိုမြေပေါ်တွင် ထိုင်စေတော်မူပြီးလျှင်မုန့်ခုနစ်လုံးကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်များကိုဖဲ့တော်မူ၍လူတို့ အားဝေပေးကြ၏။ သူတို့၌ငါးအနည်းငယ် လည်းရှိ၏။-
7. ကိုယ်တော်သည်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပြီးနောက် ထိုငါးကိုလည်းလူတို့အား ဝေပေးရန် တပည့်တော်တို့ကိုစေခိုင်းတော်မူ၏။-
8. လူတို့သည်ဝစွာစားရကြ၏။ စားကြွင်းစားကျန် များကိုပင်တောင်းခုနစ်တောင်းအပြည့်ကောက်သိမ်း ရကြ၏။-
9. မုန့်စားသူဦးရေကားလေးထောင်မျှရှိသတည်း။ ကိုယ်တော်သည်လူတို့ကိုထိုအရပ်မှထွက်ခွာ သွားစေတော်မူ၏။-
10. ထိုနောက်ချက်ချင်းပင်တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်၍ ဒါလမနုသဒေသသို့ကြွ တော်မူ၏။
11. ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။-
12. ကိုယ်တော်သည်သက်ပြင်းချတော်မူပြီးလျှင် ``ယခု ခေတ်လူတို့သည်အဘယ်ကြောင့်နိမိတ်လက္ခဏာကို တောင်းဆိုကြသနည်း။ အမှန်အကန်ငါဆိုသည် ကား ဤသူတို့အားထိုသို့သောနိမိတ်လက္ခဏာကို ပြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
13. ကိုယ်တော်သည်ထိုသူတို့ထံမှထွက်ကြွတော်မူ၍ လှေပေါ်သို့တစ်ဖန်တက်တော်မူပြီးလျှင်အိုင် တစ်ဖက်သို့ကူးတော်မူ၏။
14. တပည့်တော်တို့သည်အစားအစာများကို မယူခဲ့မိကြ။ လှေပေါ်၌မုန့်တစ်လုံးသာရှိ၏။-