17. ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီး၊ ဟေရော ဒိအားမိမိသိမ်းပိုက်မှုနှင့်ပတ်သက်၍ ယောဟန် ကိုဖမ်းဆီးပြီးလျှင်ထောင်တွင်ချုပ်နှောင်ထား စေ၏။-
18. ယောဟန်သည်ဟေရုဒ်အား ``သင်သည်ညီဖြစ်သူ ၏ဇနီးကိုမသိမ်းမယူအပ်'' ဟုအဖန်ဖန် ကန့်ကွက်ပြောဆိုခဲ့၏။
19. သို့ဖြစ်၍ဟေရောဒိသည်ယောဟန်ကိုရန်ငြိုးဖွဲ့ ၍သတ်လို၏။ သို့ရာတွင်သတ်ရန်ကားမတတ်နိုင်။-
20. ယောဟန်သည်သူတော်သူမြတ်ဖြစ်ကြောင်းဟေရုဒ် သိသဖြင့်ကြောက်၍ သူ့အားဘေးမဲ့လုံခြုံစွာ ထား၏။ ဟေရုဒ်သည်ယောဟန်၏ဟောပြောသွန်သင် ချက်များကိုကြားနာရသည့်အခါတိုင်း စိတ် မငြိမ်မသက်ဖြစ်ရတတ်သော်လည်းဝမ်းမြောက် စွာပင်ကြားနာလေ့ရှိသည်။
21. ဟေရုဒ်၏မွေးနေ့၌ဟေရောဒိအတွက် အခါ အခွင့်သာလာ၏။ ထိုနေ့၌ဟေရုဒ်သည်ဂါလိလဲ ပြည်မှခေါင်းဆောင်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများ၊ ဂုဏ်အသရေရှိလူကြီးလူကောင်းများ ကိုဖိတ်ကြားလျက်ညစာစားပွဲတစ်ရပ်တည်ခင်း ကျွေးမွေး၏။-
22. ထိုညစာစားပွဲသို့ဟေရောဒိ၏သမီးသည် လာ၍ အကနှင့်ဖျော်ဖြေ၏။ သူသည်ဟေရုဒ်နှင့် ဧည့်သည်တော်အပေါင်းတို့၏စိတ်ကိုများစွာ ရွှင်လန်းစေ၏။ ဘုရင်မင်းကသူငယ်မအား ``သင် နှစ်သက်ရာကိုတောင်းလော့။ သင့်အားငါပေးမည်။-
23. ငါ၏နိုင်ငံတစ်ဝက်တိုင်အောင်သင်တောင်းသမျှ ကိုငါပေးမည်'' ဟုကျိန်ဆို၍ပြော၏။
24. သူငယ်မသည်မင်းကြီး၏ထံမှထွက်သွားကာ မိခင်အား ``ကျွန်မသည်အဘယ်အရာကို တောင်းခံရပါမည်နည်း'' ဟုမေး၏။ မိခင်က ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကိုတောင်း လော့'' ဟုဆို၏။
25. သူငယ်မသည်ချက်ချင်းပင်မင်းကြီး၏ထံသို့ အလျင်အမြန်ဝင်ပြီးလျှင် ``ဗတ္တိဇံဆရာ ယောဟန်၏ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင် ၍ ယခုပင်ပေးတော်မူပါ'' ဟုလျှောက်၏။
26. ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူ၏။ သို့ရာတွင်ဧည့်သည်တော်များရှေ့ တွင် မိမိကျိန်ဆို၍ပေးခဲ့သည့်ကတိကိုထောက် ၍ သူငယ်မ၏တောင်းလျှောက်ချက်ကိုမငြင်း မပယ်နိုင်။-
27. သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေး၍ ကိုယ်ရံတော်တပ်သားတစ်ယောက်ကို စေလွှတ်လိုက်၏။ တပ်သားသည်အကျဉ်းထောင်သို့ သွား၍ယောဟန်၏ဦးခေါင်းကိုဖြတ်၏။-
28. ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင်၍ယူဆောင် လာပြီးနောက် သူငယ်မအားပေး၏။ သူငယ်မ သည်လည်းမိခင်အားတစ်ဆင့်ပေး၏။-