31. `အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ်ရမည်' ဟူ သောပညတ်သည်ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက်ပို၍ကြီး မြတ်သောပညတ်ကားမရှိ'' ဟုဖြေကြားတော် မူ၏။
32. ကျမ်းတတ်ဆရာက ``ဆရာတော်၊ အရှင်မိန့်တော်မူ ချက်သည်သင့်မြတ်လှပါ၏။ ထာဝရဘုရားသည် တစ်ဆူတည်းသာရှိတော်မူ၏။ ထာဝရဘုရားမှ တစ်ပါးအခြားဘုရားမရှိ။-
33. ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။
34. ထိုသူသည်ဤသို့အသိပညာနှင့်လျှောက်ထား သည့်အတွက် သခင်ယေရှုက ``သင်သည်ဘုရား သခင်၏နိုင်ငံတော်နှင့်မဝေးတော့ပြီ'' ဟု မိန့်တော်မူ၏။ထိုနောက်မည်သူမျှကိုယ်တော်အားထပ်မံ၍ မမေးမလျှောက်ဝံ့ကြ။
35. သခင်ယေရှုသည်ဗိမာန်တော်တွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``မေရှိယသည် ဒါဝိဒ်၏သားမြေးဖြစ်သည်ဟုအဘယ် ကြောင့်ကျမ်းတတ်ဆရာတို့ဆိုကြသနည်း။
36. `သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါရောက်စေမည်။သို့မရောက်စေသေးမီကာလအတွင်း ငါ၏လက်ယာဘက်တွင်ထိုင်နေလော့ဟုထာဝရဘုရားကငါ့အရှင်အားမိန့်တော်မူ၏'ဟုသန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက် ဖြင့်ဒါဝိဒ်မင်းမြွက်ဆိုခဲ့၏။
37. ဤသို့ဆိုရာတွင်ဒါဝိဒ်မင်းကိုယ်တိုင်ပင် မေရှိယ ကို `အရှင်' ဟုခေါ်သည်ဖြစ်ရာ အသို့လျှင်မေရှိယ သည်ဒါဝိဒ်၏သားမြေးဖြစ်နိုင်ပါမည်နည်း'' ဟု မိန့်တော်မူ၏။ လူပရိသတ်ကြီးသည်ကိုယ်တော်၏ စကားတော်ကို အားရရွှင်လန်းစွာကြားနာကြ၏။
38. ဤသို့ဟောပြောသွန်သင်လျက်နေတော်မူစဉ် ကိုယ်တော်က ``ကျမ်းတတ်ဆရာတို့ကိုသတိ နှင့်ရှောင်ကြလော့။ သူတို့သည်ဝတ်လုံများကို ဝတ်၍ပလွှားသွားလာလိုကြ၏။ စျေးရပ်ကွက် တွင်အလေးပြုခြင်းကိုခံလိုကြ၏။-
39. တရားဇရပ်များတွင်သီးသန့်ထားသောနေရာ များကိုလည်းကောင်း၊ ပွဲသဘင်များတွင်အကောင်း ဆုံးသောနေရာထိုင်ခင်းများကိုလည်းကောင်းနှစ် သက်ကြ၏။-
40. မုဆိုးမများ၏အိမ်များကိုမတရားသိမ်းယူ ပြီးလျှင် လူကြားကောင်းစေရန်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့သည်ပို၍ ကြီးလေးသောအပြစ်ဒဏ်ကိုခံရကြလတ္တံ့'' ဟု မိန့်တော်မူ၏။
41. သခင်ယေရှုသည်ဗိမာန်တော်အလှူခံသေတ္တာရှေ့ တွင်ထိုင်လျက် ထိုသေတ္တာထဲသို့ လူတို့ငွေများ ထည့်ဝင်လှူဒါန်းကြသည်ကိုကြည့်ရှုတော်မူ၏။ များစွာသောသူဌေးသူကြွယ်တို့သည်ငွေ အမြောက်အမြားထည့်ဝင်လှူဒါန်းကြ၏။-
42. ဆင်းရဲသောမုဆိုးမတစ်ယောက်သည်လည်းလာ ၍ ဆယ်ပြားခန့်တန်သောကြေးပြားနှစ်ပြားကို အလှူခံသေတ္တာထဲသို့ထည့်၏။-
43. ထိုအခါကိုယ်တော်သည်တပည့်တော်တို့ကို ခေါ်တော်မူပြီးလျှင် ``ဤဆင်းရဲသောမုဆိုးမ သည်ဗိမာန်တော်အလှူခံသေတ္တာထဲသို့ထည့်ဝင် လှူဒါန်းကြသောသူအပေါင်းတို့ထက် ပို၍ ထည့်ဝင်လှူဒါန်းလေပြီဟုသင်တို့အား အမှန်အကန်ငါဆို၏။-
44. ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံများကို လှူကြပေသည်။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပေးလှူ သတည်း'' ဟုမိန့်တော်မူ၏။