19. သူ့အိမ်ရာကိုမပြစ်မှားနှင့်၊ သူ့ဥစ္စာကိုမခိုး နှင့်၊ မမှန်သောသက်သေကိုမခံနှင့်၊ လိမ်လည် လှည့်စားမှုကိုမပြုနှင့်၊ မိဘကိုရိုသေမြတ် နိုးလော့ဟူသောပညတ်တော်များကိုသင်သိ သည်မဟုတ်လော'' ဟုမိန့်တော်မူ၏။
20. ထိုသူက ``ဆရာတော်၊ ဤပညတ်များကိုအကျွန်ုပ် သည်ငယ်စဉ်မှစ၍စောင့်ထိန်းခဲ့ပါပြီ'' ဟုပြန် လည်လျှောက်ထား၏။
21. သခင်ယေရှုသည်ထိုသူကိုမေတ္တာဖြင့်စေ့စေ့ကြည့် လျက် ``သင့်မှာလိုနေသောအရာတစ်ခုရှိသေး၏။ သွားလော့။ သင်၏ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲ သူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင် သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့စွန့်ကြဲပြီးမှလာ၍ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။-
22. ထိုသူကားဥစ္စာပစ္စည်းများစွာကြွယ်ဝသူဖြစ် သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါ မျက်နှာညှိုးငယ်၍စိတ်မချမ်းမသာဖြစ်လျက် ထွက်ခွာသွားလေ၏။
23. သခင်ယေရှုသည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူပြီးနောက် ``ဥစ္စာကြွယ်ဝသူများသည်ဘုရား သခင်၏နိုင်ငံတော်သို့ဝင်နိုင်ရန်ခက်လှ၏'' ဟု မိန့်တော်မူ၏။
24. တပည့်တော်တို့သည်ကိုယ်တော်၏စကားကို ကြားလျှင် လွန်စွာအံ့သြကြ၏။ တစ်ဖန်သခင် ယေရှုက ``ငါ့သားတို့၊ ဘုရားသခင်၏နိုင်ငံ တော်သို့ဝင်နိုင်ရန်ခက်လှ၏။-
25. အပ်နဖားကိုကုလားအုတ်လျှိုဝင်ရန် လွယ်ကောင်း လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော်သို့ဥစ္စာ ကြွယ်ဝသူဝင်နိုင်ရန်ကားမလွယ်'' ဟုမိန့်တော် မူ၏။
26. တပည့်တော်တို့သည်အံ့သြတွေဝေကြလျက် ``ဤ သို့ဖြစ်ဘိမူ၊ အဘယ်သူသည်ကယ်တင်ခြင်းကို ရနိုင်ပါမည်နည်း'' ဟုအချင်းချင်းပြောဆို ကြ၏။
27. သခင်ယေရှုသည်သူတို့ကိုစေ့စေ့ကြည့်တော်မူ ၍ ``ဤအမှုကိုလူမတတ်နိုင်သော်လည်းဘုရား သခင်တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။
28. ထိုအခါပေတရုက ``အကျွန်ုပ်တို့သည်အလုံး စုံတို့ကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ ကြပါပြီ'' ဟုကိုယ်တော်အားလျှောက်ထား၏။
29. သခင်ယေရှုက ``အမှန်အကန်ငါဆိုသည်ကား ငါ့အတွက်လည်းကောင်း၊ ဧဝံဂေလိတရားအတွက် လည်းကောင်း၊ အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးကိုစွန့်သောသူသည်၊-
30. ဤဘဝ၌ညှဉ်းဆဲခြင်းနှင့်တကွအဆတစ်ရာ မျှသော အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သား သမီးများကိုရရှိလိမ့်မည်။ ထို့ပြင်နောင်ဘဝ ၌ထာဝရအသက်ကိုရလိမ့်မည်။-
31. သို့ရာတွင်အဦးဆုံးကျသူများသည်နောက်ဆုံး ကျလိမ့်မည်။ နောက်ဆုံးကျသူအများကလည်း အဦးဆုံးကျလိမ့်မည်'' ဟုမိန့်တော်မူ၏။
32. သူတို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက်နေ ကြစဉ် ကိုယ်တော်သည်တပည့်တော်တို့၏ရှေ့က ကြွတော်မူ၏။ ထိုအခါတပည့်တော်တို့သည် ထိတ်လန့်လျက်ရှိကြ၏။ နောက်တော်မှလိုက်လာ သောလူတို့သည်လည်း ကြောက်လန့်လျက်ရှိကြ၏။ ကိုယ်တော်သည်တပည့်တော်တစ်ဆယ့်နှစ်ဦးကို မလှမ်းမကမ်းသို့တစ်ဖန်ခေါ်သွားတော်မူပြီး လျှင် မိမိတွေ့ကြုံရမည့်အမှုအရာများကို ဖော်ပြတော်မူ၏။-
33. ကိုယ်တော်က ``နားထောင်ကြလော့။ ငါတို့သည် ယေရုရှလင်မြို့သို့ခရီးပြုလျက်ရှိကြ၏။ ယေရုရှလင်မြို့တွင်လူသားအား ယဇ်ပုရော ဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ၏ လက်သို့အပ်နှံကြလိမ့်မည်။ သူတို့သည်လူ သားအားသေဒဏ်စီရင်၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်။-
34. လူမျိုးခြားတို့သည်လူသားအားပြောင်လှောင်၍ တံတွေးနှင့်ထွေးကြလိမ့်မည်။ ကြိမ်ဒဏ်ပေး၍ အသေသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက် ကြာသောအခါလူသားသည် သေခြင်းမှ ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
35. ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည်အထံတော်သို့ချဉ်းကပ်၍ ``အရှင်ဘုရား၊ အကျွန်ုပ်တို့၏ပန်ကြားချက် ကိုခွင့်ပြုတော်မူပါ'' ဟုလျှောက်ထားကြ၏။
36. ကိုယ်တော်က ``သင်တို့အတွက်အဘယ်အရာ ကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။
37. သူတို့က ``အရှင်ဘုန်းတန်ခိုးနှင့်စိုးစံရသော အခါ အကျွန်ုပ်တို့အားအရှင်၏လက်ယာရံ၊ လက်ဝဲရံအဖြစ်ခန့်ထားတော်မူပါ'' ဟု လျှောက်ထားကြ၏။