4. လူတိုင်းပင်မိမိတို့မိတ်ဆွေများကို သတိထား ရကြလိမ့်မည်။အဘယ်သူမျှမိမိ၏ညီအစ်ကိုကိုယုံ၍မရ။အဘယ်ကြောင့်ဆိုသော်ညီအစ်ကိုတိုင်းပင်လျှင် လှည့်စားတတ်၍လူတိုင်းသည်လည်း၊မိမိမိတ်ဆွေများကို အသရေဖျက်တတ်ကြသောကြောင့်ဖြစ်၏။
5. သူတို့သည်မိတ်ဆွေများကိုလိမ်လည်လှည့်စား ကြ၏။ အဘယ်သစ္စာစကားကိုမျှမပြောမဆိုကြ။သူတို့သည်မုသားစကားပြောဆိုတတ်ရန် မိမိတို့နှုတ်ကိုသွန်သင်ထားကြ၏။အပြစ်ကိုပြု၍မိမိတို့ကိုယ်ကိုမောပန်း စေကြပြီ။
6. သူတို့သည်အပြစ်ဒုစရိုက်ကိုမစွန့်ပစ်ကြ။သူတို့သည်လိမ်လည်လှည့်စားကြ၏။ထာဝရဘုရားကမိမိ၏လူမျိုးတော်သည် ကိုယ်တော်အားပစ်ပယ်ကြောင်းမိန့်တော်မူ၏။
7. ဤအကြောင်းကြောင့်အနန္တတန်ခိုးရှင် ထာဝရဘုရားက``ငါသည်သတ္တုကိုအရည်ကျို၍ချွတ်သကဲ့သို့၊ ငါ့လူမျိုးတော်ကိုသန့်စင်အောင်ပြုမည်။သူတို့အားငါဆန်းစစ်၍ကြည့်မည်။ငါ၏လူမျိုးတော်သည်အပြစ်ဒုစရိုက်ကို ကူးလွန်ကြလေပြီ။ငါသည်သူတို့အားအဘယ်သို့ပြုရမည်နည်း။
8. သူတို့၏လျှာသည်အဆိပ်လူးမြားနှင့်တူ၏။သူတို့သည်လိမ်လည်လှည့်စားသည့်စကားကို အမြဲပြောဆိုကြ၏။လူတိုင်းပင်မိမိအိမ်နီးချင်းအားနှုတ်ချိုစွာ ပြောဆိုတတ်သော်လည်းစင်စစ်အားဖြင့်၊သူ့အတွက်ထောင်ချောက်ကို ထောင်ဖမ်းလျက်နေသည်။
9. ဤသို့သောအမှုတို့ကိုပြုသည့်အတွက်ငါသည် သူတို့အားအပြစ်ဒဏ်မခတ်ဘဲနေရမည်လော။ဤသို့သောလူမျိုးကိုငါသည်လက်စားမချေဘဲ နေရမည်လော။ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
10. ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
11. ထာဝရဘုရားက``ငါသည်ယေရုရှလင် မြို့ကို တောခွေးများခိုအောင်းရာ၊အဆောက်အအုံပျက်များစုဝေးရာအရပ် ဖြစ်စေမည်။ယုဒမြို့တို့သည်လည်းလူသူဆိတ်ညံရာ သဲကန္တာရ ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
12. ငါက``အို ထာဝရဘုရား၊ အဘယ်ကြောင့် ဤပြည်သည်ဖြတ်သန်းသွားလာ၍မရ၊ ယို ယွင်းပျက်စီးလျက်သဲကန္တာရသဖွယ်ဖြစ် ၍နေပါသနည်း။ ဤအမှုအရာအကြောင်း ကိုသိရှိနိုင်စွမ်းရှိသည့်ပညာရှိကားအဘယ် သူဖြစ်ပါသနည်း။ သူတစ်ပါးတို့အားထပ် ဆင့်ပြောပြနိုင်ရန်အဘယ်သူအား ဤအမှု အရာအကြောင်းကိုကိုယ်တော်ရှင်ဖော်ပြ ထားပါသနည်း'' ဟုလျှောက်၏။
13. ထာဝရဘုရားက``ဤအမှုအရာဖြစ်ပျက် လာသည်မှာ ငါ၏လူမျိုးတော်သည်မိမိတို့ အားငါပေးအပ်ခဲ့သည့်သြဝါဒကိုစွန့်ပယ် ခဲ့ကြသောကြောင့်ဖြစ်၏။ သူတို့သည်ငါ၏ စကားကိုနားမထောင်။ ငါပြောဆိုသည့် အတိုင်းလည်းမပြုမလုပ်ကြ။-
14. သူတို့သည်ခေါင်းမာလျက်မိမိဘိုးဘေး များသွန်သင်ထားခဲ့သည့်အတိုင်း ဗာလ ဘုရားကိုဝတ်ပြုရှိခိုးကြ၏။-
15. သို့ဖြစ်၍သူတို့အားဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည် အဘယ်သို့ပြုတော် မူမည်ကိုနားထောင်လော့။ ငါသည်မိမိ၏ လူမျိုးတော်အားခါးသောဒေါနပင်ကို ကျွေး၍ အဆိပ်ပါသောရေကိုသောက်စေမည်။-