8. သူတို့သည်အစာဝ၍ရာဂထန်သည့်မြင်းဆိုးများကဲ့သို့ဟီလျက်အိမ်နီးချင်းတို့၏ဇနီးများကိုတပ်မက်ကြ၏။
9. ဤအမှုအရာများအတွက်ငါသည်သူတို့အားအပြစ်ဒဏ်မခတ်ဘဲနေသင့်သလော။ဤသို့သောပြည်သူတို့ကိုလက်စားမချေဘဲနေသင့်သလော။''
10. ငါသည်သူတို့၏စပျစ်ဥယျာဉ်များကိုရန်သူတို့အားခုတ်ပစ်စေမည်။သို့ရာတွင်စပျစ်ပင်တို့ကိုအကုန်အစင်ဖျက်ဆီးပစ်စေလိမ့်မည်မဟုတ်။စပျစ်ကိုင်းများသည်ငါမပိုင်မဆိုင်သဖြင့်ယင်းတို့ကိုခုတ်ထွင်ပစ်ရန်ရန်သူတို့အားငါစေခိုင်းမည်။
11. ဣသရေလနှင့်ယုဒပြည်သားတို့သည်ငါ့အားလုံးဝသစ္စာဖောက်ကြလေပြီ။ဤကားငါထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
12. ထာဝရဘုရား၏လူမျိုးတော်သည် ကိုယ်တော်အကြောင်းကိုမဟုတ်မမှန်ပြောဆိုကြလေပြီ။ သူတို့က``ကိုယ်တော်သည်အဘယ်သို့မျှအရေးယူတော်မူလိမ့်မည်မဟုတ်။ ငါတို့သည်လည်းဆင်းရဲဒုက္ခခံရကြလိမ့်မည်မဟုတ်။ စစ်မက်အန္တရာယ်ကိုသော်လည်းကောင်း၊ ငတ်မွတ်ခြင်းဘေးကိုသော်လည်းကောင်းကြုံတွေ့ရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။-
13. သူတို့က``ပရောဖက်တို့သည်လေသက်သက်သာလျှင်ဖြစ်၍ သူတို့မှာဟောကြားစရာထာဝရဘုရား၏ဗျာဒိတ်တော်တစ်စုံတစ်ရာမျှမရှိ သူတို့ဟောသည့်အတိုင်းသူတို့၌ဖြစ်ပါစေ'' ဟုဆိုကြ၏။-
14. အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရားက``အို ယေရမိ၊ ထိုသူတို့သည်ဤသို့ပြောဆိုသဖြင့် ငါ့စကားသည်သင်၏နှုတ်တွင်မီးသဖွယ်ဖြစ်၍ သူတို့သည်လည်းထင်းကဲ့သို့ဖြစ်ရလိမ့်မည်။ မီးသည်သူတို့ကိုကျွမ်းလောင်၍သွားလိမ့်မည်'' ဟု မိန့်တော်မူ၏။
15. ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
16. သူတို့၏လေးသမားတို့သည်ခွန်အားကြီး၍ ပွင့်နေသောသင်္ချိုင်းကဲ့သို့မညှာမတာသတ်တတ်ကြ၏။-
17. သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
18. ထာဝရဘုရားက``ထိုနေ့ရက်ကာလများ၌ပင်လျှင်ငါ၏လူမျိုးတော်အား လုံးဝသုတ်သင်ဖျက်ဆီးလိမ့်မည်မဟုတ်။-
19. ယေရမိ၊ ထိုသူတို့သည်သင့်အား`အဘယ်ကြောင့်ထာဝရဘုရားသည်ဤအမှုတို့ကိုပြုတော်မူပါသနည်း' ဟုမေးကြလိမ့်မည်။ ထိုအခါသူတို့အား`သင်တို့သည်ထာဝရဘုရားအားစွန့်ပစ်ကာ မိမိတို့ပြည်၌ပင်လူမျိုးခြားဘုရားများ၏အစေကိုခံခဲ့ကြ၏။ သို့ဖြစ်၍တိုင်းတစ်ပါးတွင်လူမျိုးခြားတို့၏အစေကိုသင်တို့ခံရကြလိမ့်မည်' ဟုပြန်လည်ဖြေကြားလော့'' ဟုမိန့်တော်မူ၏။
20. ထာဝရဘုရားက``ယာကုပ်၏သားမြေး ယုဒပြည်သူတို့အားပြောကြားလော့။-