21. မျက်စိရှိလျက်နှင့်မမြင်နိုင်၊ နားရှိလျက်နှင့်မကြားနိုင်သူ၊ အချင်းမိုက်မဲထုံထိုင်းသောလူတို့၊ နားထောင်ကြလော့။-
22. ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
23. သို့ရာတွင်အချင်းလူတို့၊ သင်တို့သည်ခေါင်းမာပုန်ကန်ကာလမ်းလွဲ၍ငါ၏ထံမှထွက်ခွာသွားကြလေပြီ။-
24. ရာသီအလိုက်၊ မိုးဦးမိုးနှောင်းကိုရွာသွန်းစေလျက်၊ နှစ်စဉ်အသီးအနှံရိတ်သိမ်းရာကာလကိုစီမံတော်မူသောငါ့အား သင်တို့မကြောက်ရွံ့မရိုသေကြ။-
25. သင်တို့၏အမှားများနှင့်အပြစ်ဒုစရိုက်က ကောင်းချီးမင်္ဂလာများကိုတားဆီးလျက်သင်တို့ထံမှလွှဲရှောင်သွားစေလေပြီ။
26. ``ငါ၏လူမျိုးတော်အထဲ၌ ဆိုးညစ်သူများရှိ၏။ သူတို့သည်ထောင်ချောက်ဖြင့်ငှက်ဖမ်းသူများကဲ့သို့လူကိုဖမ်းရန်ချောင်းမြောင်းကြ၏။-
27. မုဆိုးသည်မိမိ၏လှောင်အိမ်ကိုငှက်များဖြင့်ပြည့်စေသကဲ့သို့ ထိုသူတို့သည်မိမိတို့နေအိမ်များကိုတိုက်ရာပါပစ္စည်းများဖြင့်ပြည့်စေကြလေပြီ။ ထို့ကြောင့်သူတို့သည်တန်ခိုးကြီးမား၍ချမ်းသာကြွယ်ဝကြ၏။-
28. ဝဝလင်လင်စားသောက်ရ၍ဆူဖြိုးလျက်နေကြ၏။ သူတို့သည်မကောင်းမှုများကိုအတောမသတ်ပြုကျင့်ကြ၏။ မိဘမဲ့သူတို့အားရပိုင်ခွင့်များကိုမပေးကြ။ ညှင်းပန်းနှိပ်စက်ခြင်းခံရသူတို့အားလည်းတရားမျှတမှုကိုမပြုကြ။
29. ``သို့ရာတွင်ဤအမှုအရာများအတွက် သူတို့အားငါထာဝရဘုရားဒဏ်ပေးမည်။ ဤလူမျိုးအားငါလက်စားချေမည်။-
30. ဤပြည်တွင်အံ့သြရွံရှာဖွယ်ကောင်းသည့်အမှုပေါ်ပေါက်လာသည်မှာ၊-
31. ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။