15. ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
16. သူတို့၏လေးသမားတို့သည်ခွန်အားကြီး၍ ပွင့်နေသောသင်္ချိုင်းကဲ့သို့မညှာမတာသတ်တတ်ကြ၏။-
17. သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
18. ထာဝရဘုရားက``ထိုနေ့ရက်ကာလများ၌ပင်လျှင်ငါ၏လူမျိုးတော်အား လုံးဝသုတ်သင်ဖျက်ဆီးလိမ့်မည်မဟုတ်။-
19. ယေရမိ၊ ထိုသူတို့သည်သင့်အား`အဘယ်ကြောင့်ထာဝရဘုရားသည်ဤအမှုတို့ကိုပြုတော်မူပါသနည်း' ဟုမေးကြလိမ့်မည်။ ထိုအခါသူတို့အား`သင်တို့သည်ထာဝရဘုရားအားစွန့်ပစ်ကာ မိမိတို့ပြည်၌ပင်လူမျိုးခြားဘုရားများ၏အစေကိုခံခဲ့ကြ၏။ သို့ဖြစ်၍တိုင်းတစ်ပါးတွင်လူမျိုးခြားတို့၏အစေကိုသင်တို့ခံရကြလိမ့်မည်' ဟုပြန်လည်ဖြေကြားလော့'' ဟုမိန့်တော်မူ၏။
20. ထာဝရဘုရားက``ယာကုပ်၏သားမြေး ယုဒပြည်သူတို့အားပြောကြားလော့။-
21. မျက်စိရှိလျက်နှင့်မမြင်နိုင်၊ နားရှိလျက်နှင့်မကြားနိုင်သူ၊ အချင်းမိုက်မဲထုံထိုင်းသောလူတို့၊ နားထောင်ကြလော့။-
22. ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
23. သို့ရာတွင်အချင်းလူတို့၊ သင်တို့သည်ခေါင်းမာပုန်ကန်ကာလမ်းလွဲ၍ငါ၏ထံမှထွက်ခွာသွားကြလေပြီ။-