1. ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါကထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
2. သင်တို့သည်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းဟုဆိုကြသော်လည်းသင်တို့သည်မဟုတ်မမှန်ကျိန်ဆိုကြ၏။
3. ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
4. ထိုနောက်ငါကဤသူတို့ကားဆင်းရဲသူများဖြစ်၏။မသိနားမလည်သူတို့သည်ထာဝရဘုရား၏အလိုတော်ကိုလည်းကောင်း၊ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့်စည်းမျဉ်းဥပဒေသတော်တို့ကိုသော်လည်းကောင်းမသိကြသဖြင့်မိုက်မဲစွာပြုကျင့်ကြလေပြီ။
5. ငါသည်တန်ခိုးအာဏာရှိသူတို့ထံသွား၍သူတို့အားပြောဆိုမည်။သူတို့သည်အမှန်ပင်ထာဝရဘုရား၏အလိုတော်ကိုသိရှိကြရာ၏။ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့်စည်းမျဉ်းဥပဒေသတော်တို့ကိုသိရှိကြရာ၏'' ဟုတွေးတောမိ၏။သို့ရာတွင်သူတို့အားလုံးပင်ထာဝရဘုရား၏ထမ်းပိုးကိုချိုးလျက်နှောင်ကြိုးများကိုလည်းဖြတ်ကြလေပြီ။
6. ဤအကြောင်းကြောင့်တောမှခြင်္သေ့တို့သည်သူတို့ကိုကိုက်သတ်ကြလိမ့်မည်။သဲကန္တာရမှဝံပုလွေတို့သည်သူတို့အားအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ကျားသစ်တို့သည်လည်းသူတို့၏မြို့များအနီးတွင်စောင့်ကာမြို့ပြင်သို့ထွက်လာသူမှန်သမျှကိုအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည်အပြစ်များသူများဖြစ်သည့်ပြင်ဘုရားသခင်ကို၊အကြိမ်ကြိမ်အဖန်ဖန်ကျောခိုင်းခဲ့ကြသောကြောင့်ဖြစ်၏။
7. ``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်းသူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
8. သူတို့သည်အစာဝ၍ရာဂထန်သည့်မြင်းဆိုးများကဲ့သို့ဟီလျက်အိမ်နီးချင်းတို့၏ဇနီးများကိုတပ်မက်ကြ၏။