7. ထာဝရဘုရားက၊``လူမျိုးတကာတို့တွင်အထွတ်အထိပ် ဖြစ်သည့်ဣသရေလအမျိုးသားတို့အတွက်ဝမ်းမြောက် စွာ ကြွေးကြော်ကြလော့။`ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူပြီ။ဣသရေလအမျိုးမှကြွင်းကျန်သူအပေါင်း တို့အား ကယ်ဆယ်တော်မူပြီ' ဟူသောထောမနာသီချင်းကိုသီဆိုကြလော့။
8. ငါသည်ထိုသူတို့ကိုမြောက်အရပ်မှ ခေါ်ဆောင်ခဲ့မည်။ကမ္ဘာမြေကြီးအစွန်အဖျားများမှစုသိမ်း ခဲ့မည်။သူတို့နှင့်အတူမျက်မမြင်များ၊ခြေမစွမ်း မသန် သူများသည်လည်းကောင်း၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊သားဖွားရန်နေ့စေ့လစေ့အမျိုးသမီးများသည်လည်း ကောင်း လိုက်ပါလာကြလိမ့်မည်။သူတို့သည်လူမျိုးကြီးအဖြစ်ဖြင့် ပြန်လာကြလိမ့်မည်။
9. သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ်ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊သူတို့ခြေချော်၍မလဲစေရန်လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
10. ``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
11. ငါသည်ဣသရေလအမျိုးသားတို့အား ကျွန်ဘဝမှ လွတ်မြောက်စေလေပြီ။သူတို့အားတန်ခိုးကြီးသည့်လူမျိုးလက်မှ ရွေးနုတ်ကယ်တင်ခဲ့လေပြီ။
12. သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ငါချပေးသည့်ကျေးဇူးများဖြစ်သောဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
13. ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊သူတို့၏ဝမ်းနည်းခြင်းကိုနှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။
14. ငါသည်ယဇ်ပုရောဟိတ်တို့အားဆူဖြိုးသော အစာအာဟာရကိုဝစွာကြွေး၍ငါ့လူမျိုးတော်၏ချို့တဲ့မှုရှိသမျှကို ဖြည့်တင်းပေးမည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။