17. အနာဂတ်ကာလအတွက်သင့်မှာမျှော်လင့် စရာရှိ၏။သင်၏သားသမီးများသည်အိမ်သို့ပြန်လာ ကြလိမ့်မည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
18. ``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။`အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အားစကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။
19. ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ထံတော်မှ ထွက်ခွာခဲ့ကြသော်လည်း၊မကြာမီအခါ၌ပင်အထံတော်သို့ပြန်လာရန် နောင်တရပါ၏။ကိုယ်တော်ရှင်ဆုံးမတော်မူခြင်းကိုနားလည်ပြီး နောက်ကျွန်တော်မျိုးတို့သည်ရင်ကိုထုလျက် ဝမ်းနည်းကြေကွဲလျက်နေကြပါ၏။ကျွန်တော်မျိုးတို့သည်ငယ်စဉ်အခါက အပြစ်ပြုခဲ့ကြသောကြောင့်အရှက်ရ၍အသရေပျက်ရကြပါ၏။'
20. ``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။
21. မှတ်တိုင်များကိုစိုက်ထူ၍လမ်းကိုမှတ်သား ထားလော့။သင်တို့ထွက်ခွာသွားရာလမ်းကိုတစ်ဖန် ပြန်၍ရှာလော့။ဣသရေလပြည်သားတို့ပြန်လာခဲ့ကြလော့။သင်တို့စွန့်ခွာသွားသည့်မြို့များသို့ပြန်လာ ခဲ့ကြလော့။
22. သစ္စာမဲ့သည့်လူတို့၊သင်တို့သည်အဘယ်မျှ ကြာရှည်တုံ့ဆိုင်း၍နေကြမည်နည်း။အမျိုးသမီးသည်အမျိုးသားအားအကာ အကွယ် ပေးနိုင်ခြင်းသည်ဆန်းသစ်သကဲ့သို့၊ငါထာဝရဘုရားသည်ဆန်းသစ်သည့် အမှုကို ဖန်တီးစီရင်တော်မူပြီ'' ဟုမိန့်တော်မူ၏။
23. ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုး ရှင်ထာဝရဘုရားက``ဤလူတို့အားမိမိ တို့ပြည်သို့ငါပြန်လည်ပို့ဆောင်သောအခါ၊`ထာဝရဘုရားသည်မိမိကျိန်းဝပ်တော်မူ သည့် သန့်ရှင်းရာဌာနတော်တည်းဟူသောယေရုရှလင်တောင်တော်ကိုကောင်းချီး ပေးတော်မူပါစေသတည်း' ဟုသူတို့သည်ယုဒပြည်မြို့ရွာများ၌တစ်ဖန် ပြန်လည် မြွက်ဆိုကြလိမ့်မည်။
24. လူတို့သည်ယုဒပြည်မြို့ရွာအပေါင်းတို့ တွင်နေထိုင်ကြလိမ့်မည်။ လယ်ယာလုပ်ကိုင် သူများ၊ သိုးအုပ်များကိုထိန်းကျောင်းသူ များလည်းရှိလိမ့်မည်။-
25. ငါသည်မောပန်းနွမ်းနယ်သူတို့ကိုလန်းဆန်း စေ၍ဆာလောင်မွတ်သိပ်သဖြင့် အားအင်ချိ နဲ့သူတို့ကိုဝပြောစွာကျွေးတော်မူမည်။-