28. အကယ်၍သူတို့သည်သင်၏လက်မှခွက် ဖလားကိုယူ၍သောက်ရန်ငြင်းဆန်နေကြ ပါမူ အနန္တတန်ခိုးရှင်ထာဝရဘုရားက သူတို့အားအသောက်ခိုင်းတော်မူကြောင်း ပြောကြားလော့။-
29. ငါသည်ဖျက်ဆီးရန်လုပ်ငန်းကိုငါ၏နာမ တော်ကိုဆောင်သောမြို့တော်မှအစပြုမည်။ ထိုမြို့သားတို့သည်အပြစ်ဒဏ်ခံရကြ တော့မည်မဟုတ်ဟုထင်မှတ်ကြသလော။ ငါသည်ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့ ထံသို့စစ်မက်အန္တရာယ်ကိုစေလွှတ်မည် ဖြစ်၍ သူတို့သည်အမှန်ပင်အပြစ်ဒဏ်ခံ ရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
30. ``အသင်ယေရမိ၊ သင်သည်ငါ၏ဗျာဒိတ်တော် မှန်သမျှကို ဤသူတို့အားပြောကြားကြေ ညာရမည်မှာ၊`ထာဝရဘုရားသည်သန့်ရှင်းတော်မူသော အိမ်တော်မှ နေ၍မိုးချုန်းသံပြုတော်မူလိမ့်မည်။အထက်ဘဝဂ်မှနေ၍မြည်ဟိန်းသံပြုတော် မူလိမ့်မည်။ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ဟိန်းဟောက်တော်မူလိမ့်မည်။ကိုယ်တော်သည်စပျစ်သီးနယ်သောသူကဲ့သို့ အော်ဟစ်တော်မူလိမ့်မည်။ကမ္ဘာပေါ်ရှိလူအပေါင်းတို့ကိုလည်းအော်ဟစ် လိမ့်မည်။
31. ထာဝရဘုရားသည်လူမျိုးတကာတို့အား စွဲချက်တင်တော်မူမည်။ကိုယ်တော်၏အသံတော်သည်ကမ္ဘာမြေကြီးစွန်း တိုင်အောင်ပဲ့တင်ထပ်၍သွားလိမ့်မည်။ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး စီရင်တော်မူ၍သူယုတ်မာတို့အားကွပ်မျက်တော်မူလိမ့်မည်။ဤကားထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏' ဟုပြောကြားလော့'' ဟူ၍ဖြစ်၏။
32. အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဘေး အန္တရာယ်ဆိုးသည် တစ်နိုင်ငံပြီးတစ်နိုင်ငံ သို့ကူးစက်၍လာလိမ့်မည်။ လေမုန်တိုင်းကြီး သည်ကမ္ဘာမြေကြီးစွန်းမှတိုက်ခတ်လာလိမ့် မည်'' ဟုမိန့်တော်မူ၏။-
33. ထိုနေ့ရက်ကျရောက်လာသောအခါထာဝရ ဘုရားကွပ်မျက်တော်မူသောသူတို့၏အလောင်း များသည် ကမ္ဘာမြေပြင်တစ်လျှောက်လုံးတွင်ပျံ့နှံ့ လျက်နေလိမ့်မည်။ သူတို့အတွက်အဘယ်သူမျှ ဝမ်းနည်းပူဆွေးမှုပြုလိမ့်မည်မဟုတ်။ အလောင်း များကိုလည်းယူ၍သင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ယင်းတို့သည်နောက်ချေးပုံများကဲ့သို့မြေ ပေါ်တွင်ရှိနေလိမ့်မည်။
34. အသင်ခေါင်းဆောင်တို့၊ အော်ဟစ်ငိုယိုကြလော့။ ငါ၏လူမျိုးတော်ကိုထိန်းသောသိုးထိန်းတို့၊ ကျယ်စွာအော်ဟစ်ကြလော့။ ဝမ်းနည်းပူဆွေး လျက်မြေမှုန့်တွင်လူးလှိမ့်ကြလော့။ အသတ် ခံရကြမည့်အချိန်ကျရောက်လာပြီဖြစ်၍ သင်တို့သည်သိုးထီးများကဲ့သို့အသတ်ခံ ရကြလိမ့်မည်။-