6. ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာတောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက်ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
7. ငါသည်သူတို့အားမြေသြဇာကောင်းမွန်သော ပြည်သို့အသီးအနှံနှင့်အခြားမွန်မြတ်သည့်အစားအစာများကို စားသောက်စေရန်ခေါ်ဆောင်ခဲ့၏။သို့ရာတွင်သူတို့သည်ငါ့ပြည်ကိုဖျက်ဆီးပစ်ကြ၏။သူတို့အားငါပေးသည့်ပြည်ကိုညစ်ညမ်းစေကြ၏။
8. ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာအသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
9. ``သို့ဖြစ်၍ငါသည်သင်တို့အား တစ်ဖန်တရားစွပ်စွဲမည်။သူတို့၏သားမြေးများအားလည်းစွပ်စွဲချက်တင်မည်'' ဟုထာဝရဘုရားမိန့်တော် မူ၏။
10. ခိတ္တိမ်ကျွန်းရှိရာအနောက်ဘက်သို့သွားလော့။ကေဒါပြည်သို့လူလွှတ်၍ကြည့်ရှုစေကြလော့။ယခုအမှုမျိုးကိုအဘယ်အခါကမျှ မဖြစ်ပျက်ခဲ့ဘူးသည်ကိုသိမြင်ရလိမ့်မည်။
11. မိမိတို့၏ဘုရားများသည်မစစ်မမှန်သော ဘုရားများပင်ဖြစ်၍နေစေကာမူအဘယ်လူမျိုးသည်ဘုရားများကိုပြောင်းလဲ ၍ ကိုးကွယ်ပါသနည်း။သို့ရာတွင်ငါ၏လူမျိုးတော်မူကား မိမိတို့၏ဂုဏ်အသရေကိုဆောင်သည့်ဘုရားသခင်တည်းဟူသော၊ငါ့အားသူတို့ကိုမကူညီနိုင်သည့်ဘုရား များနှင့် လဲလှယ်လိုက်ကြလေပြီ။
12. သို့ဖြစ်၍ငါထာဝရဘုရားသည်မိုးကောင်းကင်အားထိတ်လန့်တုန်လှုပ်အံ့သြတွေဝေ၍သွားစေရန် အမိန့်ပေးတော်မူပြီ။
13. ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသောငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။