1. ထာဝရဘုရားသည်ငါ့အား၊-
2. ``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။''သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။သင်တို့သည်စိုက်ပျိုးခြင်းမရှိသောတောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
3. အို ဣသရေလအမျိုးတို့၊သင်တို့ကို ငါတစ်ဦးတည်းသာလျှင်ပိုင်တော်မူ၏။သင်တို့သည်ငါပိုင်သောအမြတ်ထားရာ ဖြစ်၏။ငါသည်သင်တို့ကိုထိခိုက်နာကျင်စေသူ အပေါင်းအား ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခရောက်စေခဲ့၏။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း။''
4. အချင်းယာကုပ်၏သားမြေး၊ ဣသရေလ အနွယ်ဝင်တို့၊ ထာဝရဘုရား၏ဗျာဒိတ် တော်ကိုနားထောင်ကြလော့။
5. ထာဝရဘုရားမိန့်တော်မူသည်ကား``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
6. ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာတောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက်ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
7. ငါသည်သူတို့အားမြေသြဇာကောင်းမွန်သော ပြည်သို့အသီးအနှံနှင့်အခြားမွန်မြတ်သည့်အစားအစာများကို စားသောက်စေရန်ခေါ်ဆောင်ခဲ့၏။သို့ရာတွင်သူတို့သည်ငါ့ပြည်ကိုဖျက်ဆီးပစ်ကြ၏။သူတို့အားငါပေးသည့်ပြည်ကိုညစ်ညမ်းစေကြ၏။
8. ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာအသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
9. ``သို့ဖြစ်၍ငါသည်သင်တို့အား တစ်ဖန်တရားစွပ်စွဲမည်။သူတို့၏သားမြေးများအားလည်းစွပ်စွဲချက်တင်မည်'' ဟုထာဝရဘုရားမိန့်တော် မူ၏။
10. ခိတ္တိမ်ကျွန်းရှိရာအနောက်ဘက်သို့သွားလော့။ကေဒါပြည်သို့လူလွှတ်၍ကြည့်ရှုစေကြလော့။ယခုအမှုမျိုးကိုအဘယ်အခါကမျှ မဖြစ်ပျက်ခဲ့ဘူးသည်ကိုသိမြင်ရလိမ့်မည်။
11. မိမိတို့၏ဘုရားများသည်မစစ်မမှန်သော ဘုရားများပင်ဖြစ်၍နေစေကာမူအဘယ်လူမျိုးသည်ဘုရားများကိုပြောင်းလဲ ၍ ကိုးကွယ်ပါသနည်း။သို့ရာတွင်ငါ၏လူမျိုးတော်မူကား မိမိတို့၏ဂုဏ်အသရေကိုဆောင်သည့်ဘုရားသခင်တည်းဟူသော၊ငါ့အားသူတို့ကိုမကူညီနိုင်သည့်ဘုရား များနှင့် လဲလှယ်လိုက်ကြလေပြီ။
12. သို့ဖြစ်၍ငါထာဝရဘုရားသည်မိုးကောင်းကင်အားထိတ်လန့်တုန်လှုပ်အံ့သြတွေဝေ၍သွားစေရန် အမိန့်ပေးတော်မူပြီ။
13. ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသောငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။
14. ``ဣသရေလသည်ကျွန်မဟုတ်။ ကျွန်သားပေါက်လည်းမဟုတ်။သို့ပါလျက်၊ရန်သူများသည်အဘယ် ကြောင့် သူ့အားလိုက်လံဖမ်းဆီးကြသနည်း။
15. ရန်သူများသည်သူ့အားခြင်္သေ့ကဲ့သို့ဟောက် ကြ၏။ သူ၏ပြည်ကိုခြောက်သွေ့စေကြ၏။သူ၏မြို့များသည်ယိုယွင်းပျက်စီးကာ လူသူဆိတ်ညံလျက်ရှိ၏။
16. နောဖမြို့သားများနှင့်တာပနက်မြို့သားများ သည် သင်၏ဦးခေါင်းခွံကိုခွဲကြလေပြီ။
17. အို ဣသရေလ၊ဤအမှုသည်သင်ပြုသည့်အမှုပင် ဖြစ်ပါသည်တကား။ငါသည်သင့်အားလမ်းပြပို့ဆောင်၍လာစဉ်သင်သည်မိမိတို့ဘုရားသခင်၊ငါထာဝရ ဘုရားအား စွန့်ပစ်ခဲ့၏။
18. ယခုသင်သည်နိုင်းမြစ်ရေသောက်ရန်အီဂျစ်ပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။ဥဖရတ်မြစ်ရေသောက်ရန်အာရှုရိပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။
19. သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည်အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။