ယေ​ဇ​ကျေ​လ 40:32-42 Common Language Bible (BCL)

32. ထို​လူ​သည်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​၍ ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-

33. ယင်း​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည် အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​ရှိ​ကြ​၏။ မုခ်​ပေါက်​ပတ်​လည်​နှင့်​အ​ဝင်​ခန်း​၌​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

34. အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။

35. ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​ထို​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​ကြောင်း​တွေ့​ရ​၏။-

36. ယင်း​တွင်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​အ​စောင့်​တပ်​သား​များ​အ​တွက်​အ​ခန်း​များ၊ လှ​ပ​စွာ​တန်​ဆာ​ဆင်​ထား​သည့်​အ​တွင်း​နံ​ရံ​များ၊ အဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​လေး​ရာ​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

37. အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ဆောင်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​၍​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။

38. တံ​တိုင်း​အ​ပြင်​ဝင်း​အ​တွင်း​၌​မြောက်​ဘက်​အ​တွင်း​မုခ်​ပေါက်​နှင့်​ကပ်​၍​တည်​ဆောက်​ထား​သော​တိုး​ချဲ့​ဆောင်​ရှိ​၏။ ထို​အ​ဆောက်​အ​အုံ​မှ​နေ​၍​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ဝင်​ခန်း​ကို​ဝင်​နိုင်​၏။ ဤ​အ​ဆောက်​အ​အုံ​သည်​တစ်​တောင်​လုံး​မီး​ရှို့​ပူ​ဇော်​မည့်​ယဇ်​ကောင်​များ​ကို​ဆေး​ကြော​ရာ​ဖြစ်​၏။-

39. အ​ဝင်​ခန်း​၏​အ​တွင်း​၌​တစ်​ဖက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​၏။ တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရန်​နှင့်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​များ​အ​တွက်၊ တိ​ရစ္ဆာန်​များ​ကို​ဤ​စား​ပွဲ​များ​ပေါ်​တွင်​တင်​၍​သတ်​ရ​ကြ​၏။-

40. အ​ခန်း​၏​အ​ပြင်​ဘက်​၌​လည်း​မြောက်​မုခ်​ပေါက်​တစ်​ဘက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​သဖြင့်​စု​စု​ပေါင်း​လေး​လုံး​ရှိ​၏။-

41. သို့​ဖြစ်​၍​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​အ​ခန်း​ထဲ​၌​စား​ပွဲ​လေး​လုံး၊ အ​ပြင်​၌​လေး​လုံး၊ စု​စု​ပေါင်း​ရှစ်​လုံး​ရှိ​သ​တည်း။-

42. တိုး​ချဲ့​ဆောင်​တွင်​တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​ကို​ပြင်​ဆင်​ရန်​စား​ပွဲ​လေး​လုံး​မှာ​ကျောက်​ကို​ဆစ်​၍​ပြု​လုပ်​ထား​လေ​သည်။ ထို​စား​ပွဲ​များ​သည်​အ​လျား​တူ​အ​နံ​တူ​လက်​မ​သုံး​ဆယ်​စီ​ရှိ​၍ လက်​မ​နှစ်​ဆယ်​မြင့်​၏။ ယင်း​တို့​အ​ပေါ်​တွင်​ယဇ်​ကောင်​များ​ကို​သတ်​ရန်​ကိ​ရိ​ယာ​တန်​ဆာ​များ​ကို​တင်​ထား​၏။-

ယေ​ဇ​ကျေ​လ 40