2. ဗျာဒိတ်ရူပါရုံတွင်ငါ့အားဘုရားသခင်သည် ဣသရေလပြည်သို့ခေါ်ဆောင်တော်မူ၍ မြင့်သောတောင်ပေါ်တွင်ချထားတော်မူ၏။ ထိုတောင်၏တောင်ဘက်၌မြို့တစ်မြို့နှင့်တူသောအဆောက်အအုံများကိုငါမြင်ရ၏။-
3. ကိုယ်တော်သည်ငါ့အားထိုမြို့အနီးသို့ခေါ်ဆောင်သွားတော်မူသောအခါ ငါသည်ကြေးဝါကဲ့သို့တောက်ပြောင်လျက်နေသောလူတစ်ယောက်ကိုမြင်ရ၏။ သူသည်ပေကြိုးနှင့်တိုင်းတာရန် ကူလုံးတို့ကိုကိုင်ကာမြို့တံခါးဝတွင်ရပ်လျက်နေ၏။
4. ကိုယ်တော်ကငါ့အား``အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ သင့်အားငါပြောသည်ကိုဂရုပြုနားထောင်၍ငါပြသည့်အရာမှန်သမျှကိုသေချာစွာမှတ်သားထားလော့။ အဘယ်ကြောင့်ဆိုသော်ငါသည်သင့်အား ထိုအရာများကိုပြရန်အတွက် ဤအရပ်သို့ဆောင်ယူလာခြင်းဖြစ်သောကြောင့်တည်း။ သင်သည်ဣသရေလအမျိုးသားတို့အားမိမိတွေ့မြင်ရသောအမှုအရာကိုပြောပြရမည်'' ဟုမိန့်တော်မူ၏။
5. ငါမြင်ရသောအရာမှာဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်ကိုတံတိုင်းကာရံထား၏။ ကူလုံးကိုကိုင်ထားသောလူသည်ထိုဆယ်ပေရှည်သောကူလုံးဖြင့်တံတိုင်းကိုတိုင်းထွာကြည့်၏။ တံတိုင်းသည်အမြင့်ဆယ်ပေ၊ ထုဆယ်ပေရှိ၏။-
6. ထိုနောက်သူသည်အရှေ့အရပ်သို့မျက်နှာမူနေသည့်တံခါးသို့သွား၍လှေကားကိုတက်ပြီးလျှင် အပေါ်ဆုံးအထစ်မှတံခါးဝကိုတိုင်းကြည့်ရာအမြင့်ဆယ်ပေရှိသည်ကိုတွေ့ရ၏။-
7. တံခါး၏အလွန်တွင်လမ်းကြားတစ်ခုရှိ၏။ ထိုလမ်း၏ဝဲယာတွင်အစောင့်တပ်သားများအတွက် အခန်းသုံးခန်းစီရှိ၏။ ထိုအခန်းတိုင်းပင်စတုရန်းပုံသဏ္ဌာန်ရှိ၍နံရံတစ်ခုလျှင်ဆယ်ပေရှည်၏။ အခန်းတစ်ခုနှင့်တစ်ခုအကြားမှနံရံသည်ထုရှစ်ပေရှိ၏။ ဤအခန်းများအလွန်၌ဆယ်ပေရှည်သောလမ်းကြားတစ်ခုရှိ၏။ ထိုလမ်းသည်ဗိမာန်တော်ကိုမျက်နှာမူလျက်နေသည့်အခန်းကြီးတစ်ခုသို့သွားရာလမ်းဖြစ်၏။-
17-18. ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
19. ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်းသို့ရောက်နိုင်သော မြေမျက်နှာပြင်မြင့်သည့်နေရာတွင်မုခ်ပေါက်တစ်ခုရှိ၏။ ထိုလူသည်အတွင်းမုခ်ဦးပေါက်နှင့်အပြင်မုခ်ဦးပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ တစ်ရာခြောက်ဆယ့်ရှစ်ပေရှိသည်ကိုတွေ့ရ၏။
20. ထိုနောက်သူသည်တံတိုင်းအပြင်ရှိဝင်းသို့သွားရာ မြောက်မုခ်ပေါက်လမ်းကိုတိုင်းတာကြည့်၏။-
21. လမ်း၏ဝဲယာသုံးခန်းစီရှိသောအစောင့်တပ်သားတို့၏အခန်းများ၊ ထိုအခန်းတို့ကိုပိုင်းခြားထားသည့်နံရံများနှင့်အဝင်ခန်းတို့သည် အရှေ့မုခ်ပေါက်မှာကဲ့သို့ပင်အတိုင်းအတာတူညီ၏။ ထိုလမ်းသည်အလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
22. အဝင်ခန်းပြူတင်းပေါက်များနှင့်ထွင်းထုထားသည့်စွန်ပလွံပင်ပုံများသည်လည်းအရှေ့မုခ်ပေါက်မှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်တံခါးသို့လှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ အစွန်းဆုံးရှိအဝင်ခန်းသည်တံတိုင်းအပြင်ဝင်းကိုမျက်နှာမူလျက်နေ၏။-
23. အရှေ့ဘက်မှာကဲ့သို့ပင်တံတိုင်းအပြင်ဝင်းကိုဖြတ်၍ ဤမြောက်ဘက်မုခ်ပေါက်နှင့်တည့်တည့်၌တံတိုင်းအတွင်းရှိဝင်းသို့ဝင်ရန်မုခ်ပေါက်တစ်ခုရှိလေသည်။ ထိုသူသည်မုခ်ပေါက်နှစ်ခု၏အကွာအဝေးကိုတိုင်း၍ကြည့်ရာ တစ်ရာခုနစ်ဆယ်ပေရှိသည်ကိုတွေ့ရ၏။
24. ထိုနောက်ထိုသူသည်ငါ့အားတောင်မျက်နှာသို့ခေါ်ဆောင်သွားရာ ငါတို့သည်ထိုအရပ်တွင်အခြားမုခ်ပေါက်တစ်ခုကိုမြင်ရကြ၏။ သူသည်ထိုမုခ်ပေါက်၏အတွင်းနံရံနှင့်အဝင်ခန်းကိုတိုင်းတာကြည့်၏။ ယင်းတို့သည်အခြားမုခ်ပေါက်နှင့်အဆောင်များနည်းတူပင်ဖြစ်၏။-
25. ဤမုခ်ပေါက်မှအခန်းများတွင် အခြားမုခ်ပေါက်များမှအဆောင်များမှာကဲ့သို့ပင်ပြူတင်းပေါက်များရှိ၏။ မုခ်ပေါက်-သည်စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-