11. ထိုနောက်သူသည်ကြားလမ်း၏အနံကိုတိုင်းကြည့်ရာ စုစုပေါင်းနှစ်ဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။ မုခ်ပေါက်လမ်းတစ်လျှောက်လုံးကားတစ်ဆယ့်ခြောက်ပေရှိသတည်း။-
12. အစောင့်တပ်သားတို့၏အခန်းတစ်ခုစီရှေ့တွင်အမြင့်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောတံတိုင်းရှိ၏။ (ထိုအခန်းတို့သည်အလျားဆယ်ပေ၊ အနံဆယ်ပေရှိသတည်း။-)
13. ထိုနောက်ထိုလူသည်အခန်းငယ်တစ်ခု၏နောက်ဘက်နံရံမှမုခ်ပေါက်လမ်းကိုဖြတ်၍ အစွန်းအခန်းငယ်နောက်ဘက်နံရံအထိတိုင်းတာရာလေးဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။-
14. အစွန်းဆုံး၌ရှိသောအခန်းမှထွက်လျှင် တံတိုင်းအတွင်းရှိဗိမာန်တော်အပြင်ဘက်သို့ရောက်ရှိလေသည်။ ထိုအခန်းကိုတိုင်းထွာ၍ကြည့်ရာသုံးဆယ့်လေးပေကျယ်သည်ကိုတွေ့ရ၏။-
15. မုခ်ပေါက်ဝမှနေ၍အစွန်ဆုံးအခန်းအထိ စုစုပေါင်းရှစ်ဆယ့်ငါးပေရှိသတည်း။-
16. အခန်းအားလုံး၏အပြင်နံရံတိုင်း၊ အတွင်းနံရံတိုင်းတို့၌ပြူတင်းပေါက်ငယ်များရှိ၏။ လမ်းကြားသို့မျက်နှာမူလျက်နေသောအတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထုထားလေသည်။
17-18. ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
19. ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်းသို့ရောက်နိုင်သော မြေမျက်နှာပြင်မြင့်သည့်နေရာတွင်မုခ်ပေါက်တစ်ခုရှိ၏။ ထိုလူသည်အတွင်းမုခ်ဦးပေါက်နှင့်အပြင်မုခ်ဦးပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ တစ်ရာခြောက်ဆယ့်ရှစ်ပေရှိသည်ကိုတွေ့ရ၏။
20. ထိုနောက်သူသည်တံတိုင်းအပြင်ရှိဝင်းသို့သွားရာ မြောက်မုခ်ပေါက်လမ်းကိုတိုင်းတာကြည့်၏။-
21. လမ်း၏ဝဲယာသုံးခန်းစီရှိသောအစောင့်တပ်သားတို့၏အခန်းများ၊ ထိုအခန်းတို့ကိုပိုင်းခြားထားသည့်နံရံများနှင့်အဝင်ခန်းတို့သည် အရှေ့မုခ်ပေါက်မှာကဲ့သို့ပင်အတိုင်းအတာတူညီ၏။ ထိုလမ်းသည်အလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
22. အဝင်ခန်းပြူတင်းပေါက်များနှင့်ထွင်းထုထားသည့်စွန်ပလွံပင်ပုံများသည်လည်းအရှေ့မုခ်ပေါက်မှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်တံခါးသို့လှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ အစွန်းဆုံးရှိအဝင်ခန်းသည်တံတိုင်းအပြင်ဝင်းကိုမျက်နှာမူလျက်နေ၏။-
23. အရှေ့ဘက်မှာကဲ့သို့ပင်တံတိုင်းအပြင်ဝင်းကိုဖြတ်၍ ဤမြောက်ဘက်မုခ်ပေါက်နှင့်တည့်တည့်၌တံတိုင်းအတွင်းရှိဝင်းသို့ဝင်ရန်မုခ်ပေါက်တစ်ခုရှိလေသည်။ ထိုသူသည်မုခ်ပေါက်နှစ်ခု၏အကွာအဝေးကိုတိုင်း၍ကြည့်ရာ တစ်ရာခုနစ်ဆယ်ပေရှိသည်ကိုတွေ့ရ၏။