1-2. ထာဝရဘုရားက``အချင်းလူသား၊ ဣသ ရေလတောင်တို့အားသူတို့အတွက်ငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကားတော် ကိုနားထောင်ရန်ပြောလော့။ ဣသရေလပြည် ၏ရန်သူများက`ရှေးပဝေသဏီအခါမှ စ၍တည်ရှိခဲ့သော ဤတောင်ကုန်းများကို ယခုငါတို့အပိုင်ရပြီ' ဟုပီတိစိတ် ဖြင့်ဆိုကြ၏။
3. ``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားကိုဆင့်ဆိုလော့။ အိမ်နီးချင်း တိုင်းပြည်တို့သည်ဣသရေလတောင်များ ကိုတိုက်ခိုက်လုယက်သိမ်းပိုက်ကြသောအခါ လူတိုင်းပင်ဣသရေလအမျိုးသားတို့အား ပြက်ရယ်ပြုကြ၏။-
4. သို့ဖြစ်၍ဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏အမိန့်ကိုနားထောင်ကြလော့။ ပတ်ဝန်း ကျင်တိုင်းပြည်များ၏တိုက်ခိုက်လုယက်မှု၊ ပြက်ရယ်ပြုမှုတို့ကိုခံရကာလူသူဆိတ် ငြိမ်ရာမြို့များ၊ ယိုယွင်းပျက်စီးနေသည့် အရပ်များ၊ တောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်း များအားဤသို့အရှင်ထာဝရဘုရား မိန့်တော်မူ၏။
5. ``ငါအရှင်ထာဝရဘုရားသည်ပတ်ဝန်း ကျင်တိုင်းပြည်တို့နှင့် ဧဒုံပြည်အပေါ်၌ ဒေါသအမျက်ချောင်းချောင်းထွက်၍မိန့် တော်မူလေပြီ။ သူတို့သည်ငါ၏ပြည် ကိုမထီမဲ့မြင်ပြုသောစိတ်၊ ပီတိစိတ် ဖြင့်စားကျက်များနှင့်တကွ ငါ၏ပြည် ကိုသိမ်းယူခဲ့ကြ၏။
6. ``သို့ဖြစ်၍ဣသရေလပြည်အားရည်မှတ် ၍ဟောပြောလော့။ တောင်များ၊ ကုန်းမြင့်များ၊ ချောင်းများနှင့်ချိုင့်ဝှမ်းများအားလူမျိုး တကာတို့စော်ကားအရှက်ခွဲသဖြင့် ငါ အရှင်ထာဝရဘုရားမနာလိုဒေါသ ထွက်၍ အဘယ်သို့မိန့်တော်မူသည်ကို ပြောကြားလော့။-
7. ပတ်ဝန်းကျင်တိုင်းပြည်များသည်အရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်း ငါအရှင်ထာ ဝရဘုရားအလေးအနက်ကျိန်ဆို၏။-
8. သို့ရာတွင်ဣသရေလတောင်များ၌မူကား သစ်ပင်တို့သည်အရွက်များပြန်၍ထွက်လာ ပြီးလျှင် ငါ၏လူမျိုးတော်ဖြစ်သောအသင် ဣသရေလအမျိုးသားတို့အတွက်အသီး များသီးကြလိမ့်မည်။ သင်တို့သည်မကြာမီ မိမိတို့ပြည်သို့ပြန်ရကြအံ့။-
9. ငါသည်သင်တို့ကိုဂရုစိုက်၍သင်တို့ဘက် ၌ရှိ၏။ သင်တို့၏လယ်ယာများကို ဧကန် မုချထွန်ယက်စိုက်ပျိုးလုပ်ကိုင်စေမည်။-
10. သင်တို့ဣသရေလလူမျိုးတစ်စုလုံး ကို လူဦးရေတိုးပွားစေမည်။ သင်တို့သည် မြို့များ၌နေထိုင်ရလိမ့်မည်။ ယိုယွင်းပျက် စီးနေသမျှသောအရာတို့ကိုပြန်လည် ပြုပြင်ရလိမ့်မည်။-
11. ငါသည်လူတိရစ္ဆာန်တို့ကိုတိုးပွားများ ပြားစေမည်။ ယခင်အခါများထက်သင် တို့ဦးရေကိုများစေမည်။ သင်တို့သားသမီး များစွာထွန်းကားလိမ့်မည်။ ယခင်ကကဲ့သို့ နေထိုင်ခွင့်ပေးမည်။ ယခင်အခါများထက် ပို၍ကြီးပွားချမ်းသာစေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-
12. ငါ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့ ငါသည်သင်တို့အားပြည် တော်တွင်တစ်ဖန်နေထိုင်နိုင်ကြစေရန်ငါ ခေါ်ဆောင်ခဲ့မည်။ ထိုပြည်သည်သင်တို့ပိုင် သောပြည်ဖြစ်လိမ့်မည်။ ယင်းသည်သင်တို့ ၏သားသမီးများအား နောင်အဘယ် အခါ၌မျှမဆုံးပါးစေရ။
13. ``ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားလူတို့က ထိုပြည်သည်လူတို့ကိုကိုက် စားသည့်ပြည်၊ ပြည်သားတို့၏သားသမီး များကိုဆုံးပါးစေသည့်ပြည်ဖြစ်သည် ဆိုသည်မှာမှန်၏။-