4. ငါသည်မော်၍ကြည့်လိုက်သောအခါမြောက်အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကိုမြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်းလျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည်ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက်နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေးဝါနှင့်တူသောအရာတစ်ခုသည်အရောင်လက်၍နေ၏။-
5. မီးတောက်၏အလယ်ဗဟိုတွင် သတ္တဝါလေးဦးနှင့်တူသောပုံသဏ္ဌာန်များကိုငါမြင်ရ၏။ သူတို့သည်လူ၏အသွင်ကိုဆောင်၏။-
6. သို့ရာတွင်သူတို့၌မျက်နှာလေးခုနှင့်တောင်ပံလေးခုစီရှိ၏။-
7. သူတို့၏ခြေတို့သည်ဖြောင့်တန်းလျက်နေသော်လည်း ယင်းတို့တွင်နွားခွာနှင့်တူသောခွာများရှိ၏။ ထိုသတ္တဝါတို့သည်တိုက်ချွတ်ထားသောကြေးဝါကဲ့သို့တောက်ပြောင်လျက်နေ၏။-
8. သူတို့တွင်မျက်နှာလေးခုနှင့်တောင်ပံလေးခုအပြင် တောင်ပံတစ်ခုစီ၏အောက်၌လူလက်ရှိ၏။-
9. ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးထိအောင်တောင်ပံနှစ်ခုစီကိုဖြန့်လျက် ရှေ့တူရူသို့အသီးသီးမျက်နှာမူလျက်နေကြ၏။ သူတို့သည်မိမိတို့၏ကိုယ်ကိုမလှည့်ဘဲအစုလိုက်သွားလာကြ၏။
10. ထိုသတ္တဝါတစ်ပါးစီ၌ရှိသောမျက်နှာလေးခုတို့သည် တစ်ခုနှင့်တစ်ခုမတူကြ။ ရှေ့ဘက်တွင်လူမျက်နှာ၊ လက်ယာဘက်တွင်ခြင်္သေ့မျက်နှာ၊ လက်ဝဲဘက်တွင်နွားမျက်နှာ၊ နောက်ဘက်တွင်လင်းယုန်မျက်နှာရှိ၏။-
11. ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးအတောင်ဖျားချင်းထိအောင် တောင်ပံနှစ်ခုစီဖြန့်၍ထားပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။-
12. သူတို့အားလုံးပင်အရပ်လေးမျက်နှာသို့မျက်နှာပြုလျက်နေကြ၏။ သို့ဖြစ်၍သူတို့သည်အစုလိုက်မိမိတို့လိုရာအရပ်သို့မလှည့်ဘဲသွားနိုင်ကြ၏။
13. ထိုသတ္တဝါတို့၏အလယ်တွင်မီးလျှံထနေသောမီးရှူးတိုင်နှင့်တူသည့်အရာတစ်ခုသည် အစဉ်ပင်ရွေ့လျားလျက်နေ၏။ ထိုအရာမှမီးလျှံတက်ပြီးလျှင်လျှပ်စစ်နွယ်များထွက်ပေါ်လာ၏။-