15. ငါသည်မျက်နှာလေးမျိုးရှိသောသတ္တဝါလေးပါးကိုကြည့်၍နေစဉ် သူတို့အသီးသီး၏အနီးတွင်မြေနှင့်ထိ၍နေသောရထားဘီးတစ်ခုစီရှိ၍နေသည်ကိုမြင်ရ၏။-
16. ထိုဘီးအားလုံးသည်ကျောက်မျက်ရတနာကဲ့သို့ တောက်ပလျက်တစ်ခုနှင့်တစ်ခုတူကြ၏။ ဘီးတိုင်းတွင်အလယ်မှထောင့်မှန်ကန့်လန့်ဖြတ်၍နေသောဘီးတစ်ခုရှိ၏။-
17. သို့ဖြစ်၍ထိုဘီးတို့သည်မလှည့်ဘဲအရပ်လေးမျက်နှာသို့ သတ္တဝါလေးပါးသွားလာသည့်အတိုင်းသွားနိုင်ကြ၏။-
18. ဘီးခွေတို့သည်မျက်စိများဖြင့်ပြည့်နှက်လျက်ရှိ၍ မြင့်မားလျက်စိုးရိမ်ထိတ်လန့်ဖွယ်ကောင်း၏။-
19-20. သတ္တဝါများလှုပ်ရှားသွားလာသည့်အခါတိုင်း ထိုဘီးတို့သည်လိုက်၍ရွေ့လျားကြ၏။ သတ္တဝါများမြေကြီးမှခွာ၍အထက်သို့တက်ကြသောအခါ၌လည်း ဘီးတို့သည်လိုက်၍တက်ကြ၏။-
21. ဝိညာဉ်သည်မိမိတို့လိုရာအရပ်သို့သွားကြသောအခါ ဘီးတို့သည်လည်းသတ္တဝါများပြုသည့်အတိုင်းအထက်သို့တက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သတ္တဝါများ၏ဝိညာဉ်သည်ဘီးတို့အားထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍သတ္တဝါများလှုပ်ရှားသွားလာသောအခါ ရပ်ဆိုင်းသည့်အခါလေထဲသို့တက်ကြသည့်အခါ၌ ဘီးတို့သည်ထပ်တူထပ်မျှလိုက်၍ပြုကြ၏။ အဘယ်ကြောင့်ဆိုသော်ယင်းတို့အားသတ္တဝါတို့၏ဝိညာဉ်တို့က ထိန်းချုပ်ထားသောကြောင့်ဖြစ်၏။
22. သတ္တဝါများ၏ဦးခေါင်းအထက်တွင်အရောင်လက်၍နေသောကျောက်သလင်းသဖွယ်ရှိ၍ ထိတ်လန့်ဖွယ်ကောင်းသောလိပ်ခုံးပုံသဏ္ဌာန်ကြီးတစ်ခုရှိ၏။-
23. ထိုအရာ၏အောက်တွင်သတ္တဝါတစ်ပါးစီတို့သည် မိမိတို့နှင့်နီးရာသတ္တဝါများဘက်သို့တောင်ပံနှစ်ခုကိုဖြန့်ပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။-
24. သူတို့ပျံသန်းကြသောအခါအတောင်ခတ်သည့်အသံကိုငါကြားရ၏။ ထိုအသံသည်ပင်လယ်မြည်ဟည်းသကဲ့သို့လည်းကောင်း၊ ကြီးမားသောစစ်သည်ဗိုလ်ခြေတို့၏အသံကဲ့သို့ကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံတော်ကဲ့သို့ဖြစ်၏။ သူတို့ရပ်နားကြသောအခါမိမိတို့၏အတောင်များကိုချထားကြ၏။-
25. ထိုသို့အတောင်များကိုချလျက်ရပ်နေစဉ် သူတို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုးအပေါ်မှ အသံတစ်ခုထွက်ပေါ်လာ၏။
26. ထိုလိပ်ခုံးမိုးအပေါ်၌နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့်တူသောအရာတစ်ခုရှိ၏။ ထိုရာဇပလ္လင်ပေါ်တွင်လူပုံသဏ္ဌာန်ရှိသူတစ်ဦးထိုင်နေ၏။-
27. ထိုသူ၏ခါးအထက်ပိုင်းသည်မီးလျှံထဲမှကြေးဝါကဲ့သို့တောက်ပြောင်၍နေ၏။ ခါးမှခြေဖျားထိသူ၏အောက်ပိုင်းသည် မီးရောင်ဖြင့်ပင်လျှင်တစ်ကိုယ်လုံးထွန်းလင်းတောက်ပလျက်ရှိပေသည်။-
28. ယင်းသို့ထွန်းလင်းတောက်ပသောအရောင်အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သောသက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပသည့်အလင်းရောင်ဖြစ်သတည်း။