1. သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-
2. (ထိုနှစ်ကားယေခေါနိမင်းပြည်နှင်ဒဏ်သင့်ချိန်ငါးနှစ်မြောက်ဖြစ်သတည်း။-)
3. ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလသည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက်ရောက်၏။
4. ငါသည်မော်၍ကြည့်လိုက်သောအခါမြောက်အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကိုမြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်းလျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည်ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက်နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေးဝါနှင့်တူသောအရာတစ်ခုသည်အရောင်လက်၍နေ၏။-
5. မီးတောက်၏အလယ်ဗဟိုတွင် သတ္တဝါလေးဦးနှင့်တူသောပုံသဏ္ဌာန်များကိုငါမြင်ရ၏။ သူတို့သည်လူ၏အသွင်ကိုဆောင်၏။-
6. သို့ရာတွင်သူတို့၌မျက်နှာလေးခုနှင့်တောင်ပံလေးခုစီရှိ၏။-
7. သူတို့၏ခြေတို့သည်ဖြောင့်တန်းလျက်နေသော်လည်း ယင်းတို့တွင်နွားခွာနှင့်တူသောခွာများရှိ၏။ ထိုသတ္တဝါတို့သည်တိုက်ချွတ်ထားသောကြေးဝါကဲ့သို့တောက်ပြောင်လျက်နေ၏။-
8. သူတို့တွင်မျက်နှာလေးခုနှင့်တောင်ပံလေးခုအပြင် တောင်ပံတစ်ခုစီ၏အောက်၌လူလက်ရှိ၏။-
9. ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးထိအောင်တောင်ပံနှစ်ခုစီကိုဖြန့်လျက် ရှေ့တူရူသို့အသီးသီးမျက်နှာမူလျက်နေကြ၏။ သူတို့သည်မိမိတို့၏ကိုယ်ကိုမလှည့်ဘဲအစုလိုက်သွားလာကြ၏။
10. ထိုသတ္တဝါတစ်ပါးစီ၌ရှိသောမျက်နှာလေးခုတို့သည် တစ်ခုနှင့်တစ်ခုမတူကြ။ ရှေ့ဘက်တွင်လူမျက်နှာ၊ လက်ယာဘက်တွင်ခြင်္သေ့မျက်နှာ၊ လက်ဝဲဘက်တွင်နွားမျက်နှာ၊ နောက်ဘက်တွင်လင်းယုန်မျက်နှာရှိ၏။-
11. ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးအတောင်ဖျားချင်းထိအောင် တောင်ပံနှစ်ခုစီဖြန့်၍ထားပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။-
12. သူတို့အားလုံးပင်အရပ်လေးမျက်နှာသို့မျက်နှာပြုလျက်နေကြ၏။ သို့ဖြစ်၍သူတို့သည်အစုလိုက်မိမိတို့လိုရာအရပ်သို့မလှည့်ဘဲသွားနိုင်ကြ၏။
13. ထိုသတ္တဝါတို့၏အလယ်တွင်မီးလျှံထနေသောမီးရှူးတိုင်နှင့်တူသည့်အရာတစ်ခုသည် အစဉ်ပင်ရွေ့လျားလျက်နေ၏။ ထိုအရာမှမီးလျှံတက်ပြီးလျှင်လျှပ်စစ်နွယ်များထွက်ပေါ်လာ၏။-
14. သတ္တဝါများကိုယ်တိုင်ပင်လျှင်လျှပ်စစ်သဖွယ် လျင်မြန်စွာသွားလာကြ၏။
15. ငါသည်မျက်နှာလေးမျိုးရှိသောသတ္တဝါလေးပါးကိုကြည့်၍နေစဉ် သူတို့အသီးသီး၏အနီးတွင်မြေနှင့်ထိ၍နေသောရထားဘီးတစ်ခုစီရှိ၍နေသည်ကိုမြင်ရ၏။-
16. ထိုဘီးအားလုံးသည်ကျောက်မျက်ရတနာကဲ့သို့ တောက်ပလျက်တစ်ခုနှင့်တစ်ခုတူကြ၏။ ဘီးတိုင်းတွင်အလယ်မှထောင့်မှန်ကန့်လန့်ဖြတ်၍နေသောဘီးတစ်ခုရှိ၏။-
17. သို့ဖြစ်၍ထိုဘီးတို့သည်မလှည့်ဘဲအရပ်လေးမျက်နှာသို့ သတ္တဝါလေးပါးသွားလာသည့်အတိုင်းသွားနိုင်ကြ၏။-