ယေ​ဇ​ကျေ​လ 1:1-11 Common Language Bible (BCL)

1. သုံး​ဆယ်​နှစ်​မြောက် စ​တုတ္ထ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ငါ​သည် ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​တူ​ဗာ​ဗု​လုန်​ပြည်၊ ခေ​ဗာ​မြစ်​အ​နီး​တွင်​နေ​ထိုင်​လျက်​ရှိ​စဉ် မိုး​ကောင်း​ကင်​ကွဲ​ဟ​၍​ဘုရား​သ​ခင်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်​ရ​၏။-

2. (ထို​နှစ်​ကား​ယေ​ခေါ​နိ​မင်း​ပြည်​နှင်​ဒဏ်​သင့်​ချိန်​ငါး​နှစ်​မြောက်​ဖြစ်​သ​တည်း။-)

3. ဗာ​ဗု​လုန်​ပြည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ဗု​ဇိ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​ယေ​ဇ​ကျေ​လ​သည် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​၍​တန်​ခိုး​တော်​သည်​သူ့​အ​ပေါ်​သို့​သက်​ရောက်​၏။

4. ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။-

5. မီး​တောက်​၏​အ​လယ်​ဗ​ဟို​တွင် သတ္တ​ဝါ​လေး​ဦး​နှင့်​တူ​သော​ပုံ​သဏ္ဌာန်​များ​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည်​လူ​၏​အ​သွင်​ကို​ဆောင်​၏။-

6. သို့​ရာ​တွင်​သူ​တို့​၌​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​စီ​ရှိ​၏။-

7. သူ​တို့​၏​ခြေ​တို့​သည်​ဖြောင့်​တန်း​လျက်​နေ​သော်​လည်း ယင်း​တို့​တွင်​နွား​ခွာ​နှင့်​တူ​သော​ခွာ​များ​ရှိ​၏။ ထို​သတ္တ​ဝါ​တို့​သည်​တိုက်​ချွတ်​ထား​သော​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​၏။-

8. သူ​တို့​တွင်​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​အ​ပြင် တောင်​ပံ​တစ်​ခု​စီ​၏​အောက်​၌​လူ​လက်​ရှိ​၏။-

9. ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​ထိ​အောင်​တောင်​ပံ​နှစ်​ခု​စီ​ကို​ဖြန့်​လျက် ရှေ့​တူ​ရူ​သို့​အ​သီး​သီး​မျက်​နှာ​မူ​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ကိုယ်​ကို​မ​လှည့်​ဘဲ​အ​စု​လိုက်​သွား​လာ​ကြ​၏။

10. ထို​သတ္တ​ဝါ​တစ်​ပါး​စီ​၌​ရှိ​သော​မျက်​နှာ​လေး​ခု​တို့​သည် တစ်​ခု​နှင့်​တစ်​ခု​မ​တူ​ကြ။ ရှေ့​ဘက်​တွင်​လူ​မျက်​နှာ၊ လက်​ယာ​ဘက်​တွင်​ခြင်္သေ့​မျက်​နှာ၊ လက်​ဝဲ​ဘက်​တွင်​နွား​မျက်​နှာ၊ နောက်​ဘက်​တွင်​လင်း​ယုန်​မျက်​နှာ​ရှိ​၏။-

11. ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​အ​တောင်​ဖျား​ချင်း​ထိ​အောင် တောင်​ပံ​နှစ်​ခု​စီ​ဖြန့်​၍​ထား​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။-

ယေ​ဇ​ကျေ​လ 1