5. သူတို့သည်တောင်ရိုးများပေါ်တွင်ခုန်လွှားကာ စစ်မြင်းရထားမြည်သံကဲ့သို့လည်းကောင်း၊မြက်ခြောက်မီးလောင်သကဲ့သို့လည်းကောင်း အော်မြည်ကြ၏။သူတို့သည်တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ရှိသည့် တပ်မတော်ကြီးကဲ့သို့စီတန်းလျက်နေကြ၏။
6. သူတို့ချဉ်းကပ်လာသောအခါ၊လူအပေါင်း တို့သည် ကြောက်လန့်တုန်လှုပ်ကြကုန်၏။လူတိုင်း၏မျက်နှာတွင်သွေးမရှိတော့ပေ။
7. ကျိုင်းကောင်တို့သည်စစ်သူရဲများသဖွယ် တိုက်ခိုက်ကြ၏။စစ်သည်တပ်သားများသဖွယ်မြို့ရိုးများကို တက်ကြ၏။သူတို့အားလုံးပင်ရှေ့သို့တည့်မတ်စွာ ချီတက်လျက်နေကြ၏။မိမိတို့၏လမ်းကိုမပြောင်းမလွှဲကြ။
8. အချင်းချင်းတစ်ကောင်နှင့်တစ်ကောင် အနှောင့်အယှက်လည်းမဖြစ်စေကြ။သူတို့ခံတပ်များကိုဖြတ်၍ပျံသန်း ကြသော်လည်း၊ သူတို့အားအဘယ်သူမျှမဆီးမတားနိုင် ကြ။
9. သူတို့သည်မြို့ရှိရာသို့ပြေးကြ၏။မြို့ရိုးများကိုကျော်၍အိမ်များပေါ်သို့တက် ပြီးလျှင် သူခိုးသဖွယ်ပြူတင်းပေါက်များမှဝင်ကြ၏။
10. သူတို့ချဉ်းကပ်လာချိန်၌မြေငလျင်လှုပ် လေ၏။မိုးကောင်းကင်သည်လည်းတသိမ့်သိမ့်တုန်၍ သွားလေ၏။နေနှင့်လသည်မှောင်မိုက်လျက်နေကာကြယ် တာရာ များသည်လည်းမထွန်းမလင်းကြတော့ချေ။
11. ထာဝရဘုရားသည်မိမိတပ်မတော်ကို မိုးကြိုးသံနှင့် တူသည့်အသံဖြင့်အမိန့်ပေးတော်မူ၏။ကိုယ်တော်၏အမိန့်တော်ကိုနာယူကြသူ စစ်သည်တပ်သားများသည်၊အရေအတွက်အားဖြင့်များ၏။ တန်ခိုး ကြီးကြ၏။ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ရက်ကာလသည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ထိုနေ့ရက်ကာလကိုအဘယ်သူ လွန်မြောက်နိုင်ပါမည်နည်း။
12. ထာဝရဘုရားက``သို့ရာတွင်သင်တို့သည်ယခုအခါ၌ပင်အမှန်တကယ်နောင်တရ ကြလော့။အစာရှောင်လျက်ငိုကြွေးမြည်တမ်းလျက် ငါ့ထံသို့ပြန်လာကြလော့။
13. သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန်အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။
14. သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်စိတ်တော်ကို ပြောင်းလဲကောင်းပြောင်းလဲတော်မူ၍သင်တို့အားမြောက်မြားစွာသောအသီး အနှံများဖြင့် ကောင်းချီးပေးတော်မူပါလိမ့်မည်။ထိုအခါသင်တို့သည်ကိုယ်တော်အား ဂျုံဆန်နှင့် စပျစ်ရည်ပူဇော်သကာများကိုဆက်သနိုင် ပါ၏။
15. ဇိအုန်တောင်ပေါ်တွင်တံပိုးခရာမှုတ်ကြလော့။အစာရှောင်ကြရန်အမိန့်များကိုထုတ်ပြန်ကာ လူထုစည်းဝေးပွဲတစ်ရပ်ကိုခေါ်ယူကြလော့။